တန့်ယန်းမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှု ဆိုလာပြား ဘက်ထရီအိုးကြောင့်ဟုဆို


ဇူလိုင်လ ၁၇ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံပုံးကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်မှုမှာ ဆိုလာပြားနှင့်သွယ်ထားသော ဘက်ထရီအိုးကြောင့်ဖြစ်ကြောင်းသိရသည်။

ဇူလိုင် ၁၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က လုံပုံးရွာ ဘုန်းကြီးကျောင်းတွင် ဆိုလာပြားမှ တဆင့် မီးအားသွင်းရာမှ ဘက်ထရီအိုးပေါက်ကွဲမှု ဖြစ်ပွားကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ၊ ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းလည်း တန့်ယန်းမြို့ ဒေသခံ စိုင်းပ က သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

“ လုံပုံး ဘုန်းကြီးကျောင်း မှာ မီးလောင်တာပါ။ ထိခိုက်ဒဏ်ရာကတော့ မကြားရဘူး။ ဆိုလာပြားနဲ့ မီးအားသွင်းထားရာကနေ ရှော့ ဖြစ်ပြီး မီးလောင်တာပါ။ ဘုန်းကြီးကျောင်းက သစ်တွေနဲ့ဆောက်ထားတော့ အားလုံး လောင်သွားတယ်” ဟု စိုင်းပ က ပြောပြသည်။

အဆိုပါ ဘုန်းကြီးကျောင်းသည် သစ်ဖြင့် ဆောက်လုပ်ထားသည့် ကျောင်းဆောင်ဖြစ်သည့် အတွက် မီးလောင်မှု ခဏအတွင်း ကျောင်းဆောင် နှင့် ကျောင်းသုံး ပစ္စည်းများ အားလုံး ပြာကျသွားသည် ဟု စိုင်းပ က ထပ်လောင်း ပြောသည်။

တန့်ယန်းမြို့နယ် အတွင်းရှိ ကျေးရွာတော်တော်များများသည် လျှပ်စစ်မီး မရရှိသေးသဖြင့် ဆိုလာ ပြားများ၊ ဖယောင်းတိုင်များကို သာ အားကိုးနေရပြီး၊ ဆိုလာပြားကြောင့် တန့်ယန်းမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း ၅ကျောင်း ခန့်မီးလောင်မှုဖြစ်ပွားခဲ့သည် ဟု သိရသည်။

“ တန့်ယန်မြို့ ထဲမှာ မီးရသေးတာ။ ကျန် ကျေးရွာ တွေမှာ မီးမရဘူး။ ဆိုလာပဲ သုံးတယ်။ ဆိုလာ က နေအားသွင်းတာတွေ နောက် ဝါယာကြိုး အဟောင်းတွေ သုံးစွဲတဲ့အတွက် မီးက ခဏခဏ လောင်တယ်။ မီးက တော်တော် သတိထားရမယ်” ဟု စိုင်း ပ ဆက်လက် ပြောသည်။

တဖက်တွင်လည်း ဘုရားစင်မီးများ၊ မိမိကိုယ်တိုင် မတောက်တခေါက်ဖြင့်သွယ်တန်းသောမီးကြိုးများ ကိုလည်းအထူးသတိထားရမည်ဖြစ်ကြောင်း၊ ဈေးပေါသည့် ကြိုးသောသော ၀ါယာကြိုးများကိုလည်း ၀ယ်ယူသုံးစွဲခြင်းမပြုသင့်ကြောင်း တန့်ယန်းဒေသခံလုံးစိုင်းကပြောသည်။

ယခုနှစ်ဇွန်လ ၁ရက်နေ့ သျှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံမြို့နယ် အတွင်း တွင် ဆိုလာပြား မှ တဆင့် လက်ကိုင်ဖုန်း အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အသက် ၁၅နှစ် အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
တန့်ယန်းမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှု ဆိုလာပြား ဘက်ထရီအိုးကြောင့်ဟုဆို တန့်ယန်းမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်မှု ဆိုလာပြား ဘက်ထရီအိုးကြောင့်ဟုဆို Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.