မူးယစ်​ ​ထောင်​ထွက်​များ ဘိန်းဖြူ​ရောင်းစဉ်​ဖမ်းမိ


မုံရွာ၊ ဇူလိုင် ၅

မူးယစ်​​ဆေးဝါးမှုဖြင့်​​ထောင်​ကျပြီးလွတ်လာသည့် လူတစ်စု မုံရွာမြို့ပေါ်၌ ဘိန်းဖြူရောင်းနေစဉ် ရဲတပ်ဖွဲ့မှ လက်​ရဖမ်းမိခဲ့သည်​။

မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် သာစည်လမ်းပေါ်ရှိ ရွှေကြာ စားသောက်ဆိုင်ရှေ့တွင် ဇူလိုင်လ ၄ ရက် ညပိုင်းက မူးယအသက်၂၈ နှစ်အရွယ် သလ္လာရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် အလယ်ရပ်နေထိုင်သူတို့အား စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာခရိုင်မှုခင်းနှိုမ်နှင်းရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သတင်းအရ စစ်ဆေးခဲ့ကြောင်း ဆိုသည်။

“ ကျွန်တော့်ရဲ့ အမာခံသတင်းပေးကို မူးယစ်ဆေးဝါးဝယ်မယ့်သူ အယောင်ဆောင်ပြီး ချိန်းတာ။ ချိန်းထားတဲ့ ရွှေကြာစားသောက်ဆိုင်ရှေ့ စူပါကပ်ဆိုင်ကယ်နဲ့ ဒီကောင်နှစ်ကောင်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က ၀င်ဖမ်းစစ်တော့ ဒီကောင်တွေကဈေးစကားပြောဖို့လာတာတဲ့။ ပစ္စည်းကပါမလာတော့ တော်တော်နဲ့ မေးမရဘူး” ဟု ဖမ်းဆီးရေးအဖွဲ့တွင်ပါဝင်သည့် ရဲတပ်ကြပ်ကြီး သန့်ဇော်က ပြောသည်။

ဖမ်းဆီးရေးအဖွဲ့မှ ၄င်းအမျိုးသားနှစ်ယောက်အား လူခွဲစစ်လိုက်မှ ဖောင်းပြင်က အမျိုးသမီး၏ဘိန်းဖြူများအား ရောင်းချပေးရန် မူးယစ်မှုဖြင့် လွတ်လာသည့် အမျိုးသားနေထိုင်ရာ သလ္လာရပ်ကွက်က နေအိမ်တွင် ၀ှက်ထားကြောင်း ပေါ်ပေါက်ခဲ့သည်။

မူးယစ်ဆေးဝါးများထားရှိရာ သလ္လာ နယ်မြေ ၁၁ သုခ၀တီလမ်းနှင့် မေဒါဝတီလမ်းထောင့် နေအိမ်အား ရဲတပ်ဖွဲ့မှ ၀င်ရောက်ရှာဖွေခဲ့ရာ ပင်နယ်စလင်ပုလင်း ၂၇ လုံးဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၅ ဒသမ ၄ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ထို့နောက် ဖမ်းဆီးရေးအဖွဲ့မှ မူးယစ်ဆေးဝါးရောင်းချခိုင်းသူ တည်းခိုရာ နန္ဒ၀န်ရပ်ကွက်ရှိ ROYAL တည်းခိုခန်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာ အသက် ၄၂ နှစ်အရွယ် ဖောင်းပြင်မြို့ တွင်နေထိုင်သည့် အမျိုးသမီးအား အသင့်တွေ့ရှိ၍ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ယင်းအမျိုးသမီးမှာလည်း ၂၀၁၈ ခုနှစ်ကမှ မူးယစ်မှုဖြင့် ထောင်မှ လွတ်လာသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား မုံရွာနယ်မြေရဲစခန်းတွင် စစ်​ချက်​များယူ​နေသည်​။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
မူးယစ်​ ​ထောင်​ထွက်​များ ဘိန်းဖြူ​ရောင်းစဉ်​ဖမ်းမိ မူးယစ်​ ​ထောင်​ထွက်​များ ဘိန်းဖြူ​ရောင်းစဉ်​ဖမ်းမိ Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.