မူကြိုကျောင်းသူ တရားမျှတရေးအတွက် ရန်ကုန်မှာဆန္ဒပြနေ

 ကျောက်တော်ကြီးဘုရားရှေ့ကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး ( စီအိုင်ဒီ) ရုံးရှေ့အထိ ချီတက် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်
သက်ငယ်မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ နေပြည်တော်က မူကြိုကျောင်းသူ( ဗစ်တိုးရီးယား) အမှုနဲ့ပတ်သက်ပြီး တရားမျှတ မှုရရှိရေးအတွက်ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဇူလိုင် ၆ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ် နေပါတယ်။

ကျောက်တော်ကြီးဘုရားရှေ့ကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး ( စီအိုင်ဒီ) ရုံးရှေ့အထိ ချီတက် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ထိုက်မင်းက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ကလေးသူငယ်အရေးကူညီဆောင်ရွက်နေသူတွေ၊ရုပ်ရှင်သရုပ်ဆောင်အချို့နဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေ လာရောက်ဝန်းရံခဲ့ကြတယ်လို့သိရပါတယ်။

ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် ရန်ကုန်အပြင် မန္တလေး၊တောင်ငူ စတဲ့မြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ပွဲတွေကို ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း စီစဉ်သူအချို့ထံကသိရပါတယ်။

BBC Burmese
https://www.bbc.com
မူကြိုကျောင်းသူ တရားမျှတရေးအတွက် ရန်ကုန်မှာဆန္ဒပြနေ မူကြိုကျောင်းသူ တရားမျှတရေးအတွက် ရန်ကုန်မှာဆန္ဒပြနေ Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.