ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိုးကြီး မြေပြိုလို့ တစ်ဦးသေ၊ ထောင်နဲ့ချီ အိုးအိမ်မဲ့

Photo: STR / AFP
 မြန်မာနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိရာ ကောက်စ်ဘဇားမှာ တနင်္ဂနွေနေ့က မိုးကြီးပြီး မြေပြိုတာတွေပေါ်ပေါက်ခဲ့လို့ အခုထိ လူတစ်ဦးသေဆုံးခဲ့ပြီး၊ ၄၅၀၀ ကျော် အိုးအိမ်မဲ့ဖြစ်သွားကြောင်း သိရပါတယ်။

စနေနေ့ကစလို့ ၇၂ နာရီအတွင်း မိုးရေချိန် ၁၄ လက်မအထိ ရွာသွန်းခဲ့ရာမှာ နေရာ ၂၆ နေရာမှာ မြေပြိုခဲ့တာပါ။

ဒုက္ခသည်တွေဟာ တောင်ကုန်းတွေပေါ် ယာယီတဲတွေဆောက်လုပ်နေထိုင်ဖို့နဲ့ ထင်းအဖြစ်သုံးစွဲဖို့ သစ်ပင်တွေ ခုတ်ယူခဲ့ကြတဲ့အတွက် မြေပြိုတာတွေ ပေါ်ပေါက်ခဲ့ရတာဖြစ်ပြီး၊ အုတ်နံရံတစ်ခုပြိုကျခဲ့လို့ အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားက အရင်က လူမနေတဲ့ ကျွန်းပေါ်မှာ အခု ဒုက္ခသည် ငါးထောင်လောက် ရောက်ရှိနေကြပြီး၊ အဲဒီကျွန်းဟာလည်း မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး သောက်ရေလည်း အလုံအလောက်မရှိဘဲဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီးကတော့ အရေးပေါ်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြောင်း ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်ကလည်း မုတ်သုန်မုန်တိုင်းတွေကြောင့် ဒုက္ခသည်စခန်းတွေက လူ ၁၇၀ သေဆုံးခဲ့ပါတယ်။

ဒီအတွင်း ရိုဟင်ဂျာဒုက္ခသည် အများစုဟာ မူလနေရပ်ပြန်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြပြီလို့ အီရန်အခြေစိုက် FNA သတင်းက ဖော်ပြပါတယ်။ ပညာရေး၊ စီးပွားရေးနဲ့ ရှေ့ရေးအနာဂတ် မရေရာ မသေချာဘဲ၊ စခန်းတွင်းမှာလည်း မူးယစ်ဆေးမှောင်ခို၊ လူမှောင်ခိုနဲ့ ရာဇ၀တ်ဂိုဏ်းတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်အများအပြားဟာ အရှေ့တောင်အာရှဒေသတွင်းက တခြားနိုင်ငံတွေကို သွားရောက်ဖို့သာ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိုးကြီး မြေပြိုလို့ တစ်ဦးသေ၊ ထောင်နဲ့ချီ အိုးအိမ်မဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိုးကြီး မြေပြိုလို့ တစ်ဦးသေ၊ ထောင်နဲ့ချီ အိုးအိမ်မဲ့ Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.