ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အမည်စာရင်း ပြန်ရုပ်သိမ်း

BBC- တပ်မတော်သား ကိုယ်စားလှယ်များ
အခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာ ဆွေးနွေးရန် တင်သွင်းထားသော တပ်မတော်သား ကိုယ်စားလှယ် (၇၈) ဦး ၏အမည်စာရင်း များအား ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ၁၃ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ဇူလိုင်လ ၃၀ ရက်နေ့က တပ်မတော်ဘက်မှ ပြန်လည် ရုပ်သိမ်းခဲ့သည်။

အဆိုပါ ကိစ္စ နှင့် ပတ်သတ်ပြီး တပ်မတော်သား ကိုယ်စားလှယ် တဦး ဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင် က “ လွှတ်တော် အစီအစဉ် အတိုင်းပါပဲ။ ကျနော်တို့ အစီအစဉ် တိုင်းပဲ ဆက်ကြည့်ပါ။ သီးခြားပြောစရာ မရှိပါဘူး။ ကျနော်တို့ အစီအစဉ် တိုင်း ဆက်လုပ်မှာ ဖြစ်တယ်။ အာဂျင်ဒါ (မှတ်တမ်း) မှာ ပါတယ်လေ။ ကျနော်တို့ မဆွေးနွေး ဘူးဆိုပြီးတော့” ဟု မီဒီယာ များကို ပြန်လည် ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် သက်ဆိုင်ရာ အခန်းအလိုက် ပြင်ဆင် ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ဖြည့်စွက်ခြင်း တို့ကို ဆောင်ရွက် ခဲ့ကြရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက် ခဲ့ကြသော်လည်း တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များဖက်က တဦးတယောက်မျှ ပါဝင် ဆောင်ရွက်ခဲ့ခြင်းမရှိ ကြောင်း သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ သိန္နီ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းခမ်းဦး က ယမန်နေ့ကျင်းပသည့် ၁၃ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အစီးရင်ခံစာ ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ် များ၏ သဘောထားမှတ်ချက် အရ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ အခန်း ၁၂ နှင့် ကိုက်ညီ မှု မရှိကြောင်း၊ အဆိုတင်သွင်းခဲ့ စဉ်ကတည်း က ၎င်း တို့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကို တန်းတူ သော ဖက်ဒရယ် ပြည်ထောင်စု အမြင် တည်ဆောက်သွားနိုင်ရေး၊ နိုင်ငံတော် ကြီး တခုလုံး တပြေးညီ ဖွံ့ဖြိုး တိုးတက်စေရေး ကောင်းမွန်ပြီး အထူးသဖြင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လက်တွေ့ ပကတိ အခြေအနေ နှင့်ကိုက်ညီမည့် အနေအထား သို့ ရောက်ရှိလာအောင် ပြင်ဆင်သွားနိုင်ရေး သည် ပြည်သူ တရပ်လုံး ၏ မျှော်လင့်ချက်များ ဖြစ်သည် ဟု စိုင်းခမ်းဦး က ပြောသည်။

တန်းတူညီမျှသည့် ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းများ နှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ် ပေါ်ထွန်းလာရေးသည် လည်း တိုင်းရင်းသားများ ၏ မျှော်လင့်ချက်ဖြစ်သည်ဟု စိုင်းခမ်းဦး က ထည့်သွင်းပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးသည် တိုင်းရင်းသားများ ၏ အမြင်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ် နှင့် တွဲမြင်နေကြောင်း SNLD သီပေါမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသန့်ဇင် ကလည်း ယမန်နေ့ ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားခဲ့သည်။

“ အစီရင်ခံစာ ပြင်ဆင်ချက်တွေ များနေရခြင်း က သမိုင်း အဆက်ဆက် တာဝန်ရှိတဲ့ တိုင်းရင်းသားတွေ အတွက် ဆက်လက်ပြီး တာဝန်ထမ်းဆောင် ကြရမှာ ဖြစ်ပါတယ်။ အနာဂတ်ပြည်ထောင်စု ကြီးကို ရဲရဲကြီး ပုံဖော် တည်ဆောက် ကြရမယ့် အချိန် အခါလည်း ဖြစ်ပါတယ်။ အရင်ခေတ်တွေလို စိုးရိမ်စိတ်များစွာ နဲ့ ဆက်လက်ပြီး ခရီးမဆက်ချင်ပါဘူး။ ကျနော် တို့တိုင်းရင်းသားတွေ အနေနဲ့ အိပ်မက်ဆိုးတွေ ဆက်မမက်ချင်တော့ဘူး” ဟု စိုင်းသန့်ဇင် ကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစားကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ မဆွေးနွေးလျှင် အချိန်ကုန်သက်သာ မည်ဟုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမတ် ဦးအောင်ကြည်ညွှန့် က မီဒီယာများကို ယမန်နေ့တွင် ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် တရပ် အောင်မြင်ဖြစ်ထွန်း လာစေဖို့ အတွက် ပြည်ထောင်စုလွှတ်တော် အတွင်း ရှိသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့်တကွ အဓိက ကျသည့် အင်အားစု များ အနေဖြင့် ပြည်သူ့ မျက်နှာကို ရှေ့ရှုပြီး ပြည်သူ တရပ်လုံး ၏ အကျိုးစီးပွားအတွက် ပြည်သူလူထု ဖက်မှ ရပ်တည် ကာ စိတ်ကောင်းစေတနာများဖြင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးကြရန် စိုင်းခမ်းဦး က တိုက်တွန်း ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာ ၏ အကြံပြုချက် ၃၇၆၅ ချက် ရှိသည့် အနက် သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ၁၁၁၂ ချက် ပြင်ဆင်ရန် အကြံပြုချက် အများဆုံးပေးခဲ့ကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အမည်စာရင်း ပြန်ရုပ်သိမ်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အစီရင်ခံစာ အပေါ် တပ်မတော်သား ကိုယ်စားလှယ်များ အမည်စာရင်း ပြန်ရုပ်သိမ်း Reviewed by THITHTOOLWIN on 23:19 Rating: 5
Powered by Blogger.