စစ်ရေးချုပ်အပါအဝင် တပ်မတော်ရာထူးတချို့ အပြောင်းအလဲလုပ်

 နေပြည်တော်က တပ်မတော်နေ့ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ စစ်သည်တော်များ
တပ်မတော် ထိပ်ပိုင်းရာထူးတချို့ကို အခုရက်ပိုင်းအတွင်း အပြောင်းအလဲတွေလုပ်နေရာမှာ စစ်ရေးချုပ်ရာထူးကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လွှဲပြောင်း တာဝန်ရယူလိုက်ပြီ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပြောပါတယ်။

စစ်ရေးချုပ်သစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ကြီးကြပ်ကွပ်ကဲရတဲ့ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး-(ကစထ-၅) ကထစမှူး တာဝန်ယူခဲ့သူပါ။

သူဟာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့အတွက် တပ်မတော်ရဲ့ထိပ်တန်းခေါင်းဆောင်နေရာကို ရောက်လာနိုင်သူလို့ လေ့လာသူတွေက ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

စစ်ရေးချုပ်ရာထူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကို တပ်မတော်အရန်အင်အားကို ပြောင်းရွှေ့တာဝန် ချထားပေးလိုက်ပါတယ်။

လစ်လပ်သွားတဲ့ ကစထ- ၅ ကစထမှူး နေရာကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က တာဝန်လွှဲပြောင်းယူလိုက်ပါတယ်။

 နေပြည်တော်က တပ်မတော်နေ့ အခမ်းအနားတစ်ခု မြင်ကွင်း
ကစထ-၆ ကစထမှူး တာဝန်ကို လက်ရှိ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်ပေးလိုက်တာမို့ သူဟာ ဒီရာထူး ၂ ခုလုံးကို ပူးတွဲ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်စစ်ဆင်ရေး ကွပ်ကဲခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းကို တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်အရာရှိချုပ် (ကြည်း၊ရေ၊လေ ) အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

သူဟာ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ တပ်မတော်ကြား တိုက်ပွဲတွေစဖြစ်ချိန်ကစလို့ ရခိုင်ပြည်နယ်မှာ ရုံးထိုင်ပြီး စစ်ဆေးရေးကို ကွပ်ကဲခဲ့သူလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ