တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) ရဲ့ ကြေညာချက်ကို တွေ့ရစဉ်
တရုတ်နိုင်ငံရဲ့ One Belt One Road(OBOR) နဲ့ ဆက်စပ်ပတ်သက်နေတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းတွေကို အပြုသဘောနဲ့ကြိုဆိုတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အများပြည်သူအကျိုးကို မဆန့်ကျင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို သိစေချင်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

"ထုတ်ပြန်ချက် ထုတ်တဲ့အဓိကအကြောင်းအရင်းကတော့ ကျွန်တော်တို့ ဒီလက်ရှိ ရှိနေတဲ့ စီမံကိန်းကြီးတွေ၊ ကုမ္ပဏီတွေ အဲမှာလုပ်နေတဲ့ဟာတွေ အများကြီးရှိတယ်၊ ဆိုတော့ ကျွန်တော်တို့ ဒီ အများပြည်သူအကျိုးကို မဆန့်ကျင်တဲ့ဟာတွေဆိုလို့ရှိရင် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုတာမျိုးကို သိစေချင်လို့ ထုတ်ပြန်တာဖြစ်တယ်"

ဒါ့အပြင် ရခိုင်ဒေသရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစရှိတဲ့ကဏ္ဍတွေမှာ စိတ်အားထက်သန် စွာ ပူးပေါင်းဆောင်ရွက်လိုသူတွေနဲ့လည်း လက်တွဲလုပ်ဆောင်သွားဖို့ အသင့်ရှိနေတဲ့အပြင် ရခိုင်မှာ လာရောက် ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေအားလုံးနဲ့လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် CNPC တရုတ်ကုမ္ပဏီက ရေနံကန်များတည်ဆောက်စဉ်။
ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ AA ရဲ့ဒီထုတ်ပြန်ချက်အပေါ်

"ကျွန်တော့အမြင်ကတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေ လာတယ်ဆိုတာထက် လက်ရှိမှာ မြန်မာနိုင်ငံပေါ့ အဓိက ကတော့ ရခိုင်ပြည်နယ်ပေါ့ တည်ငြိမ်အေးချမ်းမှုကိုအဓိက အရင်လုပ်သင့်တယ်လို့ မြင်တယ်ပေါ့၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ နောက် တစ်နိုင်ငံလုံးပေါ့လေ အပစ်အခတ်ရပ်စဲဖို့ အပစ်အခတ်ရပ်စဲတဲ့အချိန်မှာလည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဒီရခိုင်ပြည်နယ်အတွက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဒီရက္ခိုင့်တပ်မတော်ပေါ့လေ AA ပါဝင်ဖို့လိုတာပေါ့၊ ပါဝင်ပြီးတော့မှ ဆွေးနွေးအဖြေရှာညှိနှိုင်းဖို့လိုတယ်၊ သူတို့ရဲ့ထုတ်ပြန်ချက် AA ရဲ့ထုတ်ပြန်ချက်ကို ကျွန်တော့အနေနဲ့တော့ ဘာမှတော့မပြောလိုဘူး၊ ဒါပေမဲ့ ကျွန်တော်မြင်တာက ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတာထက် ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တာထက်ကို ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းဖို့အဓိက ငြိမ်းချမ်းရေးစကားဝိုင်းထဲကို AA ပါအောင်ပေါ့ အစိုးရအနေနဲ့လည်း လုပ်ဆောင်ဖို့လိုတယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ၀ိုင်းပြီးပံ့ပိုးဖို့လိုတယ်လို့ မြင်ပါတယ်"

ရခိုင်ပြည်နယ်မှာရှိတဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ခိုင်ကောင်းစံ ပြောသွားတာပါ။

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ကိုယ့်ဒေသအတွက် ရင်းနှီးမြှုပ်နှံမှုလာလုပ်မှာကို ကြိုဆိုတယ်ဆိုတာတော့ ဒါ ကောင်းတဲ့လက္ခဏာပဲ၊ အဓိကကတော့ဗျာ ပြည်သူအကျိုးရှိမယ် ဆိုလို့ရှိရင် ဘယ်နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာတော့ ကိုယ့်ဒေသ အတွက် အကျိုးရှိမယ် ဆိုလို့ရှိရင် လက်မခံမယ်ဆိုတာ ကောင်းတာပဲ၊ ဘယ်အစိုးရဖြစ်ဖြစ် နိုင်ငံရေး အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီမိုကရေစီ ပါတီပဲဖြစ်ဖြစ် ဒီလိုပဲ ဖြစ်သင့်ပါတယ်၊ အနာဂတ်မူ ပေါ့ဗျာ။ တကယ်လို့ ပြေလည်ခဲ့မယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမယ်ဆိုရင် ဒါမှမဟုတ် အစိုးရနဲ့ Bi Lateral ထိုးလို့ တစ်စုံတရာ အဆင်ပြေမယ် ဆိုလို့ရှိရင် ကြိုပြီးတော့ပြောထားတဲ့ သဘောဖြစ်မှာပေါ့"

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်နဲ့ နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရဖို့အတွက် NCA လက်မှတ်မထိုးရသေးတဲ့ ကချင်၊ ကိုးကန့်၊ တအာင်း စတဲ့ အဖွဲ့တွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ  မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်လာခဲ့တာ အခုဆိုရင် ရှစ်လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA ကဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း AA ထုတ်ပြန် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း AA ထုတ်ပြန် Reviewed by THITHTOOLWIN on 08:56 Rating: 5
Powered by Blogger.