အမျိုးသမီးသင်္ဘောသား ၁၀၀ ကျော်ကို ပထမဆုံးအနေနဲ့ သင်္ဘောသားဖြစ်ကြောင်း National S.I.R.B ထုတ်ပေးတော့မယ်

 မြန်မာအမျိုးသမီးတွေကိုခွင့်ပြု မထားပေမယ့် အပျော်စီးသင်္ဘောတွေမှာ တရားမဝင်သွားရောက်လုပ်ကိုင်တာတွေကတော့ရှိနေ
ပင်လယ်ကူးခရီးသည်တင် သင်္ဘောတွေမှာ အမျိုးသမီး သင်္ဘောသားဝန်ထမ်းတွေအဖြစ်လုပ်ကိုင်မယ့် မြန်မာ အမျိုးသမီး ၁၇၉ ဦးကို မကြာခင်မှာ ပထမဆုံးအသုတ်အနေနဲ့ သင်္ဘောသားဖြစ်ကြောင်း သက်သေခံ မှတ်တမ်း စာအုပ် National S.I.R.B ကို ထုတ်ပေးတော့မယ်လို့ မေ ၃၁ ရက်နေ့က ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအရသိရပါတယ်။

National Seafarer' s Record Book ( S.I.R.B) ဆိုတာဟာ သင်္ဘောသားအဖြစ်လုပ်ကိုင်မယ့် အမျိုးသမီး ဖြစ်စေ၊အမျိုးသားဖြစ်စေ သူတို့ကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့ သင်္ဘောသားဖြစ်ကြောင်းကိုထောက်ခံတဲ့ သက်သေခံလက်မှတ်နဲ့ မှတ်တမ်းစာအုပ် (ယခင်အခေါ် CDC ) ဖြစ်ပါတယ်။

' ' သူတို့ S.I.R.B ထုတ်ပေးသွားဖို့ စီစဉ်နေတယ်လို့ ပြောတဲ့ အမျိုးသမီး ၁၇၉ ဦးလုံးက လက်ရှိ သင်္ဘော တွေ မှာရောက်ပြီး လုပ်နေတဲ့သူတွေပါ။ အဲတော့ ဘယ်လိုဆက်လုပ်ပေးမယ်ဆိုတာ ရေကြောင်းဦးစီး ကဆက်လုပ်သွားမှာပါ။ လက်ရှိလုပ်နေတဲ့ သူတွေကို အခွင့်အရေးမဆုံးရှုံးအောင်ထုတ်ပေးမယ့်သဘောလို့ သိရပါတယ်။ အမျိုးသမီးတွေကို အပျော်စီး သင်္ဘောတွေမှာလုပ်ဖို့ကိုတော့ သဘောတူထားပြီးပြီ။ လက်မှတ်ထုတ်ပေးဖို့ဘာဖို့ဆက်လုပ်သွားကြဖို့ကိုတော့ဘယ်တော့စမယ်ဆိုပြီး အချိန်တော့ မကန့်သတ် ထားဘူး။'' လို့ အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ကိုယ်စားပြုပြီးတက်ရောက်ခဲ့တဲ့ ဒေါ်သီတာတင်က ဘီဘီစီကိုပြောပြပါတယ်။

မြန်မာအမျိုးသမီးတွေကို ပင်လယ်ကူးသင်္ဘောတွေမှာ သွားရောက်လုပ်ကိုင်တာကိုခွင့်ပြု မထားပေမယ့် အပျော်စီးသင်္ဘောတွေမှာ တရားမဝင်သွားရောက်လုပ်ကိုင်တာတွေကတော့ရှိနေတာဖြစ်ပါတယ်။

ဒီလိုသွားရောက်လုပ်ကိုင်ပေမယ့်လည်းနိုင်ငံတော်ကအသိမှတ်ပြုထားတာမျိုးမရှိတဲ့အတွက်တရားမဝင်သွားရောက်လုပ်ကိုင်နေတာမျိုးဖြစ်ပြီး နစ်နာတာတွေရှိနေပါတယ်။

ဒီအတွက် အမျိုးသမီးတွေကိုလည်း တရားဝင် ခွင့်ပြုပေးဖို့ ၂၀၁၈ခုနှစ်ကတည်းက ဒုသမ္မတနဲ့ လုပ်ငန်းရှင် များ တွေ့ဆုံပွဲမှာ တောင်းဆိုတာတွေရှိခဲ့တဲ့အတွက် အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အမျိုးသမီးသင်္ဘောသား ၁၀၀ ကျော်ကို ပထမဆုံးအနေနဲ့ သင်္ဘောသားဖြစ်ကြောင်း National S.I.R.B ထုတ်ပေးတော့မယ် အမျိုးသမီးသင်္ဘောသား ၁၀၀ ကျော်ကို ပထမဆုံးအနေနဲ့ သင်္ဘောသားဖြစ်ကြောင်း National S.I.R.B ထုတ်ပေးတော့မယ် Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.