မယ်ခွေကဗျာ၂၀၂၀ စနစ်သစ် ကိုးတန်းမှာ ပြန်သင်ရမယ်

သင်ရိုးသစ် ကိုးတန်းမှာ မယ်ခွေ ကဗျာကိုပြန်ထည့်တာဟာ အခုစနစ်ဟောင်း ရှစ်တန်းလွဲချော်ခဲ့တဲ့သူတွေ အတွက် ပြန်သင်နိုင်ဖို့ လည်းရည်ရွယ်တယ်
စနစ်ဟောင်း ရှစ်တန်းမှာ ဆေးလိပ်ကြောင့် အပယ်ခံရတဲ့ မယ်ခွေ ကဗျာဟာ စနစ်သစ်ကိုးတန်း မှာ ပြန်ပါလာမှာဖြစ်တယ်လို့ မြန်မာစာသင်ရိုးအဖွဲ့ဝင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ပါမောက္ခ ဒေါက်တာ အောင်မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

လာမယ့် ၂၀၂၀ မှာ စဖို့ရှိတဲ့ စနစ်သစ် ကိုးတန်း Grade 10 မှာ ပါဖို့ မြန်မာစာ သင်ရိုး အဖွဲ့ဝင်တွေက အဆိုပြုခဲ့ပြီးတော့ ပညာရေးဝန်ကြီးဌာနကလည်း အတည်ပြုလိုက်တာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မယ်ခွေကဗျာမှာ ဆေးလိပ်သောက်တဲ့အကြောင်းအရာတွေ ပါဝင်တာကြောင့် ကျောင်းသားလူငယ်တွေ အတုမမှားစေဖို့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို သင်ရိုးညွန်းတမ်းက ပယ်ဖျက်လိုက်တာလို့ ပညာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

စနစ်ဟောင်းရှစ်တန်းမှာ အခြား ကဗျာတပုဒ်နဲ့ အစားထိုးခဲ့ပေမဲ့ အခုစနစ်သစ် ကိုးတန်းဟာ သင်ရိုးရေးဆွဲနေဆဲ မို့လို့ အခြား ကဗျာတစ်ပုဒ်ကို ပယ်ဖျက်ဖို မရှိဘဲ ပေါင်းထည့်ရုံပဲလို့လည်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန က ပါမောက္ခ ဒေါက်တာ အောင်မြင့်ဦး ကပြောပါတယ်။

စနစ်ဟောင်းရှစ်တန်း သင်ရိုးမှာ ပါတဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ဖြုတ်လိုက်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာကဗျာကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်း အသီးသီးက ဝေဖန် ၊ ကန့်ကွက်တာတွေ ရှိနေပါတယ်။

အရင် အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ကိုယ်တိုင် သူတို့အာဏာပြန်ရရင် မယ်ခွေကဗျာကို သင်ရိုးမှာ ပြန်ထည့်ပေးပါ့မယ်ဆိုပြီး၊လူထုတွေ့ဆုံပွဲတွေမှာ ပြောသွားခဲ့ပါတယ် ။

မြန်မာစာ သင်ရိုးအဖွဲ့ကတော့ ဒီကဗျာ သင်ရိုးကနေ ဖြုတ်ဖို့ အကြံပြုခဲ့တာမျိုးမရှိကြောင်းနဲ့ စနစ်ဟောင်းရှစ်တန်း သင်ရိုးအတွက် ကဗျာတစ်ပုဒ် ရွေးပေးပါဆိုလို့ ရွေးပေးခဲ့တာသာရှိကြောင်းလည်း ဒေါက်တာ အောင်မြင့်ဦး ကပြောပါတယ်။

အပယ်ခံရတဲ့ မယ်ခွေကဗျာဟာ စနစ်သစ်ကိုးတန်း မှာ ပြန်ပါလာမှာနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက သဘောတူရင် မြန်မာစာသင်ကြားရေးအဖွဲ့ ပညာရှင် အဖွဲတွေနဲ့ ကျွန်တော်တို့ ဆွေးနွေး အတည်ပြုဖို့ပါ၊ ဇွန်လ ၁၄ ရက်နေ့ မြန်မာစာအဖွဲ့ အစည်းဝေးမှာလည်း ကျွန်တော်တို့ဆွေးနွေး အတည်ပြုမယ့်သဘောရှိပါတယ် လို့လည်း ဒေါက်တာ အောင်မြင့်ဦး ကပြောပါတယ် ။

မြန်မာစာပညာရှင်တွေကတော့ ဒီကဗျာဟာ ဆေးလိပ်နဲ့ ဘာမှမဆိုင်သလို ဒီကဗျာကြောင့် ဘယ်သူကမှ အတုယူမှားပြီး ဆေးလိပ်သောက်တာလည်း မရှိပါဘူး။ ဒီကဗျာက ဂန္တဝင် ကဗျာလည်းဖြစ်တယ် အနှစ်သာရလည်း ပြည့်ဝတယ်လို့ပြောကြပါတယ်။

အခုသင်ရိုးသစ် ကိုးတန်းမှာ မယ်ခွေ ကဗျာကို ထည့်တာဟာ မယ်ခွေ ကဗျာကို အခုစနစ်ဟောင်း ရှစ်တန်းလွဲချော်ခဲ့တဲ့ သူတွေ အတွက် ပြန်သင်နိုင်ဖို့လည်းရည် ရွယ်တယ် လို့လည်း ဒေါက်တာ အောင်မြင့်ဦး ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-48629718
မယ်ခွေကဗျာ၂၀၂၀ စနစ်သစ် ကိုးတန်းမှာ ပြန်သင်ရမယ် မယ်ခွေကဗျာ၂၀၂၀ စနစ်သစ် ကိုးတန်းမှာ ပြန်သင်ရမယ် Reviewed by THITHTOOLWIN on 00:35 Rating: 5
Powered by Blogger.