ဦးဝီရသူ - ဓမ္မစက်နဲ့ သြဝါဒခံပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်

ဦးဝီရသူဟာ သူ့ရဲ့ ဟောပြောချက်တွေကြောင့် အငြင်းပွားဖွယ်ရာတွေ အရင်ကလည်း ဖြစ်ခဲ့ဖူး
အစိုးရ အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဝီရသူက သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဓမ္မစက်နဲ့ သြဝါဒ အဆုံးအမ ခံယူပြီးမှသာ အစိုးရရဲ့ အာဏာစက်နဲ့ အရေးယူမှု ကို ခံယူမယ်လို့ ရုရှား လူမှုကွန်ရက် VK စာမျက်နှာ တစ်ခု ကနေ မေလ ၃၁ ရက်နေ့ ညပိုင်းက ထပ်မံ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Ven-Vicittar Bhivamsa အမည်နဲ့ VK အွန်လိုင်း ကွန်ရက် စာမျက်နှာက တဆင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက ဖြစ်သူ ဦးဝီရသူ (အရှင် ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) က ရန်ကုန်တိုင်း မဟာသံဃနာယကအဖွဲ့ ကို ဦးတည် လျှောက်ထားခဲ့တဲ့ စာကို ပြန်လည် ဖတ်ကြား ပြခဲ့တာပါ။

၂၀၁၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကာကွယ်ရေးနဲ့ အမျိုးသားရေး လှုပ်ရှားမှု လူထု ဟောပြောပွဲတွေက ဟောပြော ချက်တွေကြောင့် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက မေလ ၂၈ ရက်နေ့မှာ နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အရ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဝရမ်းထုတ်ထားတဲ့ ရက် အတန်ရှိလာခဲ့ပေမယ့် အခုလောလောဆယ် အထိတော့ ရဲတပ်ဖွဲ့က ဆရာတော် ဦးဝီရသူကို ရှာဖွေ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

ဦးဝီရသူရဲ့ VK က ဒုတိယ ဗီဒီယိုမှာ ဘာပြောခဲ့လဲ

VK ကွန်ရက် စာမျက်နှာက တဆင့် ၂ ရက် အတွင်း ဒုတိယမြောက် ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ဆရာတော် ဦးဝီရသူကရန်ကုန်တိုင်း မဟာသံဃနာယကအဖွဲ့ ကို လျှောက်ထားပေးပို့တဲ့ စာပါ အကြောင်းအရာနဲ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အသံနဲ့ ပြန် ပြော ထားပါတယ်။

ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ က မူလ ဖိတ်ကြားချက် အတိုင်း မေလ ၃၀ ရက် မတိုင်မီ ရန်ကုန်ကို အရောက်လာခဲ့ပြီး ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဦးဝီရသူက သိရတယ်လို့ ဆိုထားပါတယ်။ ရက်ရွှေ့ဆိုင်းကြောင်း ကြေညာချက်ကိုလည်း အွန်လိုင်းမှာသာ အရင် တွေ့မြင်ခဲ့ရပြီး မူလ ဆင့်ခေါ်စာတုန်းကလို ကာယကံရှင် ဖြစ်တဲ့ ဆရာတော် ဦးဝီရသူဆီကို အချိန်မီ မရောက်ခဲ့ဘူးလို့လည်း ပြောထားပါတယ်။

ရက်ရွှေ့ကြောင်း အကြောင်းကြားစာကို မေလ ၃၀ ရက်နေ့ ညနေမှသာ မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာရ ကျောင်းကို ရောက်ရှိခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။

ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ရဲ့ ဒုတိယ အကြောင်းကြား စာ မှာ ပါဝင်တဲ့ အကြောင်းမညီညွတ်လို့ ရက်ရွှေ့ဆိုင်းလိုက်ရတာကို နားလည် ပေးနိုင်ပြီး ထပ်မံ ဆောင်ရွက်မယ့် ရက်ကို အချိန်မီ အကြောင်းကြားမယ် ဆိုထားတာကိုလည်း ဝမ်းမြောက် ကျေးဇူးတင်ကြောင်း ဆရာတော် ဦးဝီရသူက ပြောပါတယ်။

ဒါ့အပြင် အရင်တုန်းက သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဆိုဆုံးမ သြဝဒါတွေကို ရိုသေစွာနဲ့ ခံယူခဲ့တာတွေကိုလည်း ဖော်ပြထားပါတယ်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလတုန်းက ထေရဝါဒ တိုက်ပွဲ စာအုပ် ရေးသား ထုတ်ဝေတဲ့ ကိစ္စနဲ့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ သြဝါဒ ခံယူခဲ့ရပြီး ဝန်ခံ ကတိပြု လက်မှတ် ရေးထိုးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာလည်း သမိုင်းတရားခံ စာအုပ် ရေးသား ထုတ်ဝေတဲ့ ကိစ္စနဲ့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ကိုယ်စား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် မစိုးရိမ်တိုက်သစ် ဆရာတော်ရဲ့ ဆုံးမ သြဝါဒ ခံယူခဲ့ဖူးတယ်လို့ ဦးဝီရသူက ပြောပါတယ်။

အဲဒီလို ဆရာတော်ကြီးများရဲ့ ဆုံးမ သြဝါဒကို အလေးအနက် ထား ခံယူခဲ့လို့ ပြဿနာ ဖြစ်ခဲ့တဲ့ စာအုပ်နှစ်အုပ်ကိုလည်း ဒီနေ့ အချိန်အထိ ထပ်မံ မထုတ်ဝေတော့ဘူးလို့ ဆိုပါတယ်။

ဦးဝီရသူဟာ အမျိုးသားရေးလှုပ်ရှားမှု ဆိုတဲ့ ပွဲတွေမှာ တက်ကြွစွာ အမြဲ ပါဝင်ခဲ့

ဓမ္မစက်နဲ့ အရေးယူမှုကို အရင်ခံယူမယ်

ဆရာတော် ဦးဝီရသူ အနေနဲ့ အပြုသဘောဆောင်တဲ့ တရားသဖြင့် ဆုံးမမှု မှန်သမျှ ကို ခံယူခဲ့သလို အခု တစ်ကြိမ်မှာလည်း ဆရာတော်ကြီးများက ဆုံးမသြဝါဒ ပေးမယ် ဆိုလို့ ရန်ကုန် အထိ ဆင်းလာခဲ့ကြောင်း၊ ဆရာတော်ကြီးများ ထပ်မံ အကြောင်းကြားမယ့် အချိန်ကို စောင့်မျှော်နေကြောင်း ရန်ကုန်တိုင်း သံဃမူဟာနာယကအဖွဲ့ကို လျှောက်ထားတဲ့ စာမှာ ဖော်ပြထားသလို VK က ရုပ်သံမှာလည်း ဦးဝီရသူက အသံနဲ့ လျှောက်ထား တင်ပြထားပါတယ်။

ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက မေလ ၂၈ ရက်နေ့မှာ ပုဒ်မ ၁၂၄ (က) နဲ့ ဝရမ်းထုတ်ပြန်ထားတာကိုလည်း သိရှိကြောင်း ဦးဝီရသူက ပြောပါတယ်။

သံဃမဟာနာယက ဆရာတော်ကြီးများက ထပ်မံ အကြောင်းကြားလို့ အရောက်လာတဲ့ အခါမှာ ဆရာတော်ကြီးများရဲ့ ဓမ္မစက်နဲ့ အရေးယူတာကို လက်ခံမှာ ဖြစ်ပြီး ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဆရာတော်ကြီးများရဲ့ ဓမ္မစက်ကို ကျော်လွန်တဲ့ အာဏာစက်နဲ့ မည်သည့် အရေးယူမှု ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဦးဝီရသူက ဆိုထားပါတယ်။
ဓမ္မစက်နဲ့ ပြီးမှ အာဏာစက်နဲ့ အရေးယူမှုကို လက်ခံမယ်

ဆရာတော်ကြီးများရဲ့ အဆုံးအမ ခံယူပြီး နောက်ပိုင်းကျမှသာ အစိုးရ အာဏာပိုင်တွေရဲ့ အရေးယူမှုကို ကိုယ်တိုင် သွားရောက် ရင်ဆိုင်မယ်လို့လည်း ဦးဝီရသူက အာမခံထားပါတယ်။ ဒါကို အာဏာပိုင်များ ယုံကြည်စိတ်ချစေဖို့ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရဲအရာရှိ နှစ်ဦးကို ကိုယ်တိုင် သူနဲ့ အတူ ကားပေါ် တင်ခေါ်သွားကာ လူသူ ပရိသတ် ရှင်းလင်းတဲ့ အချိန်ရောက်မှ ရဲအရာရှိကြီးများရဲ့ အစီအစဉ်နဲ့ လိုက်ပါသွားမယ်လို့ ဦးဝီရသူက တောင်းဆိုထားပါတယ်။

ဒီလို ဆောင်ရွက်ရတာက ဘုရား သားတော် ဖြစ်တဲ့ အလျောက် ဓမ္မစက်ကို အလေးအမြတ် ပြုတဲ့ အနေနဲ့ ဦးထိပ် ပန်ဆင်ရာ ရောက်တဲ့ အပြင် တရားဥပဒေ ကို လေးစားရာလည်း ရောက်တယ်လို့ ဦးဝီရသူက ဆိုထားပြီး သံဃမဟာနာယက ဆရာတော်ကြီး ထပ်မံ အကြောင်းကြားတဲ့ ရက် ရောက်မှသာ ဓမ္မစက်နဲ့ အာဏာစက် နှစ်ပါးလုံးကို တင်ပြခဲ့တဲ့ အတိုင်း ပြုလုပ်ဆောင်ရွက်ခွင့်ပြုဖို့ ဦးဝီရသူက လျှောက်ထား တောင်းဆိုထားပါတယ်။

ဦးဝီရသူ ဘယ်မှာ ရှိနေလဲ

ဆရာတော် ဦးဝီရသူရဲ့ အွန်လိုင်း လှုပ်ရှားမှုနဲ့ ဗီဒီယိုတွေဟာ ဝရမ်းထုတ်ခံထားရပြီးနောက်ပိုင်းမှာလည်း ဆက်တိုက် ထွက်လာနေပေမယ့် ဘယ်မှာ ရှိနေတယ်ဆိုတာကို အတိအကျ ထုတ်မပြောသလို ရဲတပ်ဖွဲ့ဘက်ကလည်း သက်ဆိုင်ရာ နယ်မြေရဲတွေက လုပ်ထုံးလုပ်နည်းနဲ့ အညီ ရှာဖွေ နေတယ်လို့ပဲ ထုတ်ပြန်ထားပါတယ်။

ဆရာတော် ဦးဝီရသူ တရားစွဲဆိုခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ရင်ဆိုင်ဖို့ ရှိလဲ၊ အခု ဘယ်မှာရှိနေတယ်ဆိုတာကို ဦးဝီရသူနဲ့ အနီးကပ်ရှိနေခဲ့တဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) ကို ဘီဘီစီက မေလ ၃၁ ရက် ညနေပိုင်းက မေးမြန်းကြည့်ရာမှာလည်း အမှန်တရား အတွက် အချိန် တစ်ခု ယူနေတာသာ ဖြစ်ပြီး ဦးဝီရသူ အနေနဲ့ ရန်ကုန်မှာသာ ဆက်ရှိနေကာ အစိုးရရဲ့ လုပ်ဆောင်မှုကို ကြည့်ပြီး ရှေ့မှာအမှုကို ရင်ဆိုင်သွားဖို့ ရှိတယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဦးဝီရသူကို ဘာကြောင့် အရေးယူသလဲ၊ ဘယ်သူက အရေးယူတာလဲ

ကြီးလေးတဲ့ ပုဒ်မ တစ်ခုနဲ့ အမှုဖွင့်ထားပေမယ့် ဘယ်အချက်တွေ ကြောင့်လို့ မသိရဘဲ အားလုံးကို ရောကြိတ်ထားတယ်လို့လည်း ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) က မိန့်ပါတယ်။

ဆရာတော် ဦးဝီရသူဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့လယ် ဟောပြောပွဲမှာ လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ဟောခဲ့ပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ မြန်မာ အွန်လိုင်းအင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ ပြည်ထောင်စု အစိုးရက ညွှန်ကြားလို့ ရန်ကုန်တိုင်း အစိုးရက ဦးဝီရသူကို တရားစွဲခဲ့တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဝန်ကြီးဌာနတွေ သတင်းစာရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေကို ဖြေကြားသွားခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူကို ထောက်ခံ ဝန်းရံကြသူ တွေကလည်း ဦးဝီရသူ အချုပ်အနှောင်ကင်းဖို့ ဆုတောင်း မေတ္တာပို့သပွဲတွေကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ စုဝေး ပြုလုပ်နေကြပါတယ်။

BBC Burmese
https://www.bbc.com
ဦးဝီရသူ - ဓမ္မစက်နဲ့ သြဝါဒခံပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ် ဦးဝီရသူ - ဓမ္မစက်နဲ့ သြဝါဒခံပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ် Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.