မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ ခေါင်းဆောင် ၂ ဦးကို ရဲကဖမ်း

 The Summiter တောင်တက်အဖွဲ့သားတွေ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့စဉ်
ဖန်ဂရန်ရာဇီ တောင်တက်ခရီးစဉ်မှာ ပြုတ်ကျ သေဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ဘီဘီစီကို အတည်ပြုပါတယ်။

မစိမ့်ထက် ဖခင်ရဲ့ တိုင်ကြားမှုကြောင့် တောင်တက်အဖွဲ့ ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နဲ့ ဒုတိယခေါင်းဆောင် ကိုအောင်ခိုင်မြင့်တို့ကို ဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့လည်း ရဲမှူးက ပြောပါတယ်။

"ဇွန်လ ၅ ရက်နေ့က ပုဒ်မ ၃၀၄ (က) နဲ့ အရေးယူပါတယ်၊ စစ်ဆေးတာ ၂၄ နာရီအတွင်း မပြီးလို့ ရမန်တောင်းပြီး ပူတာအို အကျဉ်းထောင်မှာ စစ်ကြောရေးလုပ်ငန်းတွေ လုပ်နေပါတယ်" လို့လည်း ရဲမှူးက ပါတယ်။

ဒီပုဒ်မဟာ ပေါ့လျော့မှုကြောင့် လူသေဆုံးတာနဲ့သက်ဆိုင်တဲ့ ပုဒ်မတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

အမြင့်ပေ ၁၄,၀၂၂ မြင့်တဲ့ ဖန်ဂရန်ရာဇီ တောင်တက်ခရီးစဉ်ကို အဖွဲ့ဝင် ၂၁ ဦးပါတဲ့ အဖွဲ့ဟာ ဧပြီလ ၁၂ ရက်နေ့က တောင်ထိပ်ကို တက်နိုင်ခဲ့တာဖြစ်ပြီး ပြန်အဆင်းမှာ အဖွဲ့ဝင်မစိမ့်ထက် ချောက်ထဲကျ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အခု အသက် ဆုံးပါးသွားတဲ့ မစိမ့်ထက်ဟာ တောင်တက် စက်ဘီးစီး Outdoor Adventure Athlete မျိုးဆက်သစ် အားကစားမယ် တစ်ဦးလည်း ဖြစ်ပါတယ်။
မစိမ့်ထက်ရဲ့ ဖခင်ကတော့ တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို တိုင်ကြားထားတာဖြစ်ပြီး တိုင်စာတွေကို ပူတာအိုရဲစခန်းအပြင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နဲ့ ပြည်နယ်တွေဆီ ပို့ထားတယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ သေမှုသေခင်းဖြစ်စဉ်နဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို စစ်ဆေးရင်း ဖမ်းဆီးလိုက်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီအမှုနဲ့ ပက်သက်ပြီး အရမ်းကာရော ဖမ်းဆီးအရေးယူတာ မဟုတ်ပါဘူး။ တောင်တက်အဖွဲ့တွေ ၂၀ ကျော်လောက်စစ်တယ်။ လမ်းပြ ၂ယောက် ရှိမယ်၊။ အထမ်းသမား ၉ ယောက်ရှိမယ်။သူတို့ကိုလည်းစစ်ပါတယ်။ သေသေချာချာ အဖွဲ့ဖွဲ့ပြီးဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို စစ်တာပါ" လို့ လည်း ရဲမှူးက ပြောပါတယ်။

The Summiter အဖွဲ့နဲ့ ဖန်ဂရန်ရာဇီ တောင်တက်ခရီးစဉ်မှာ ပြုတ်ကျ သေဆုံးခဲ့တဲ့ မစိမ့်ထက်ကို တစ်လကျော်အကြာမှာ ရှာဖွေရေးအဖွဲ့တွေက အလောင်းကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဇွန်လ( ၇) ရက်နေ့ နေ့လယ်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ "မဖြစ်သင့်ဘဲ ဖြစ်သွားတဲ့ကိစ္စဆိုတော့ လက်ခံ လို့မရဘူးဗျ။ ပေ ၄၀၀၀ လောက် ရှိတဲ့ ချောက်ကြီးဘေး ဖြတ်ရာမှာ တောင်တက်ကြိုး မသုံးတာကတော့ အင်မတန်ပေါ့ဆတဲ့ ပေါ့လျော့မှုလို့ ယူဆတယ်"လို့ ဖခင်ဖြစ်သူ ဦးမောင်မောင်အေးက ပြောပါတယ်။

The Summiter အဖွဲ့ဝင်တွေကို ဒီကိစ္စနဲ့ ပက်သက်ပြီး ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ တချို့ဟာ ပူတာအိုရောက်နေတယ်လို့ သိရပြီး ဆက်သွယ်လို့ မရခဲ့ပါဘူး။

 အောင်ပွဲခံ တောင်တက် အဖွဲ့ဟာ တောင်ထိပ်ပေါ်ကနေ ဆင်းလာပြီး ဆယ်မိနစ် အကြာမှာပဲ မမျှော်လင့်တဲ့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။
"ရဲတပ်ဖွဲ့ ဘက်ကတော့ တရားလိုရဲ့ စွပ်စွဲချက် တစ်ခုတည်းနဲ့ ထောင်ထဲ မထည့်ပါ ဘူး။ ကျွန်တော်တို့ဆီမှာ လမ်းပြတွေ ကျွမ်းကျင်တဲ့ တောင်တက် အဖွဲ့တွေရဲ့ ထွက်ဆိုချက်တွေရှိပါတယ်။ ဖြစ်သလို ကြောက်ပြီး ဖမ်းတာ မဟုတ်ပါဘူး"လို့ ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်နေ့ က ဖန်ဂရန်ရာဇီရေခဲတောင်ကို တောက်တက်အဖွဲ့ဝင် ၂၀ ကျော်ပါဝင်တဲ့ The Summiter အဖွဲ့နဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး တောင်ထိပ်ကိုအောင်အောင်မြင်မြင် တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်အဆင်းမှာတော့ ခြေချော်ပြီး ပေလေးထောင်လောက် ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားခဲ့ပြီး တောင်တက်အဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့မှာ စတင် ရှာဖွေရာမှာ ဂျာကင်နဲ့ မျက်မှန်ကို တွေ့ခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် ရှာဖွေရေးတွေ လုပ်ခဲ့ပြီး မေလ၂၄ ရက်နေ့မှာ မစိမ့်ထက် အလောင်းကိုတွေ့ခဲ့တာ ဖြစ်ပါတယ်။

ပူတာအို ဆေးရုံကို သယ်ဆောင်ကာ ခွဲစိတ်စစ်ဆေးတာတွေပြုလုပ်ခဲ့တဲ့နောက် မေလ ၃၀ ရက်နေ့မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

မစိမ့်ထက်သေဆုံးတာနဲ့ ပက်သက်ပြီး ဆေးစစ်ချက် အစီရင်ခံစာကတော့ မထွက်သေးပါဘူး။

ရဲတပ်ဖွဲ့က ဆေးစစ်ချက် ဆေးစာရရင်တော့ ရဲလုပ်ငန်းတွေ အတော်များများ ပြီးစီးပြီလို့လည်း ရဲမှူးက ပြောပါတယ်။

ဒီအမှုဟာ ပြစ်မှုထင်ရှားရင် ထောင် ၇ နှစ် အထိ ကျနိုင်တဲ့အမှု ဖြစ်ပါတယ်။ လာမဲ့ ဇွန်လ ၁၉ ၇က်နေ့မှာတော့ တရားရုံး ထုတ်ဖို့ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က တစ်ဆင့် သိရပါတယ်။

BBC Burmese
https://www.bbc.com
မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ ခေါင်းဆောင် ၂ ဦးကို ရဲကဖမ်း မစိမ့်ထက် သေဆုံးမှုနဲ့ပက်သက်ပြီး တောင်တက်အဖွဲ့ ခေါင်းဆောင် ၂ ဦးကို ရဲကဖမ်း Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.