မြေယာလည်းဆုံး သားလည်းဆုံးနဲ့ အမှုပါ ရင်ဆိုင်နေရတဲ့ မုဆိုးမတယောက်ရဲ့ ဆည်းဆာချိန်

 မြေယာလည်းဆုံး သားလည်းဆုံးရတဲ့ ဒေါ်အေး
ခြံစည်းရိုး ဖျက်မပေးမှုနဲ့ အာဏာပိုင်တွေရဲ့ တရားစွဲဆိုတာ ခံနေရတဲ့ ဒေါ်အေးဟာ သားဖြစ်သူ မြေချတဲ့နေ့မှာ ရုံးချိန်းတောင် မတက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

"သားရေ ထ ပါအုံး ၊ သတင်းထောက်တွေ လာနေပြီ ဆရာ ဆရာမတွေကို သားနှိပ်စက် ခံရတဲ့ အကြောင်းတွေ ထ ပြောလိုက်ပါလား" ဆိုပြီး သားဖြစ်သူရဲ့ အလောင်းကို ကိုင်လှုပ်က ငိုကြွေး နေသူကတော့ အသက် ၇၃ နှစ် အရွယ် အောင်သပြေ ရွာမှာ ဓားမ ဦးချ နေထိုင်လာတဲ့ ဒေါ်အေး ဖြစ်ပါတယ်။

သူပိုင်တဲ့ လယ်ခြံစည်းရိုးကို လမ်းချဲ့ဖို့ ဖျက်ပေးပါလို့ အကြောင်းကြားစာ ပို့ခံရပေမယ့် ဖျက်မပေးလို့ ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၂၂/၂၃ နဲ့ တရားစွဲခံထားရတာ အခုလာမယ့် ဇူလိုင်လမှာ တနှစ်ပြည့်ပါပြီ။

ဖမ်းဆီးခံရစဉ် သူနဲ့ အတူ အောင်သပြေ ရွာကဘဲ ဒေါ်မြမြ ၊ ဦးသိန်းပိုင် တို့အပြင် သရက်ကိုင်း ရွာက ဒေါ်မြ တို့ကိုလည်း ဖမ်းချုပ်ကာ ထိန်းသိမ်း ခဲ့တာ ဖြစ်ပါတယ်။

အရင်လိုငြိမ်းချမ်းချင်ပြီလို့ ပြောလာတဲ့ အောင်သပြေ ရွာက ဒေါ်အေး
အဲဒီနောက် အသက် ၇၀ ကျော် ဒေါ်အေးမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတဲ့ အတွက် ဆေးအာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တရားရုံးချိန်းတွေလည်း မသွားရောက်နိုင်တဲ့ အတွက် သူ့အပေါ် ဝရမ်းထုတ် ခံထားရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

အသက် ၇၀ အမျိုးသမီး တယောက် အနေနဲ့ အခုဆိုရင် နှလုံးတုန် ၊ အိပ်မပျော် ၊ ညဘက် ဆိုရင် ကယောင်ချောက်ချား ဖြစ်နေတယ်လို့ ဒေါ်အေးက ပြောပါတယ်။

သူပိုင်ယာခင်းမြေကို အလယ်က ဖောက်ပြီး ရွာဖွံ့ဖြိုး အတွက် ၊ သရက်ကိုင်းရွာ နဲ့ အောင်သပြေ ရွာကြား ၁၈ ပေ ၊ ၄ ပေ အကျယ် လမ်းကို ၂မိုင် ၇ ဖာလုံ အထိ နားလည်မှုနဲ့ ကိုယ့်မြေတွေ ပေးကာ ၁၉၉၃ ခု နှစ်တုန်းက ဖောက်လုပ်ခဲ့ကြတယ်လို့ ဒေါ်အေးရဲ့ သားဖြစ်သူ အရှင် ဝိမလ မိန့်ပါတယ်။

အခုတော့ မြင့်ကုမ္ပဏီကဆောက်လုပ်နေတဲ့ တန် ၅,၀၀၀ ကျ ထုတ်လုပ်သွားမယ့် Alpha ဘိလပ်မြေစက်ရုံစီမံကိန်း အတွက် ဒီလမ်းကို ပေ၅၀ အထိ ချဲ့ဖို့ ဒေါ်အေးနဲ့ တခြားရွာသားတွေကို ခြံစည်းရိုး ဖျက်ပေးဖို့ သတိပေးစာပေးပို့ တောင်းဆိုခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ရွာအ၀င်လမ်းနဲ့ ကုမ္ပဏီ ဆီကို သွားတဲ့လမ်းက တလမ်းတည်း ဖြစ်ပြီး ခြံစည်းရိုး မဖယ်ပေးမှုနဲ့ ၂၀၁၈ ဇူလိုင်လတုန်းက လမ်းမြေ ကျူးကျော်တယ် ဆိုပြီး ကျေးလက် လမ်းဦးစီး ကနေ ဒေါ်အေးနဲ့ အတူ ရွာသားတွေကို တရားစွဲဆို ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒေါ်အေးဟာ အသက် ၅၀ အရွယ်မှာ မုဆိုးမ ဘ၀ ရောက်ခဲ့ပြီး သားသမီး ရှစ်ယောက်ကို ဒီမြေယာပေါ်မှာ ရုန်းကန် ထွန်က်ရင်း မိသားစု ကို ကျွေးမွေး ပြုစုခဲ့တာ ဖြစ်ပါတယ်။

သူ့မှာ သားလေးယောက် သမီး လေးယောက် ရှိပြီး အရှင် ဝိမလ ကတော့ ဒုတိယမြောက်သား ဖြစ်ပါတယ်။

ခြောက်ယောက်မြောက် သားဖြစ်သူ ကိုထွန်းမြင့်ဝင်း ကတော့ အာဏာပိုင်တွေရဲ့ ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက အလောင်းသာ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ အောင်သပြေ ရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်း
ရွာနံဘေးက Alpha ဘိလပ်မြေစက်ရုံစီမံကိန်း ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ရွာသားတွေဟာ မေ ၁၄ရက် တနေ့ကုန်နဲ့ တညလုံးမှာ စီမံကိန်းဖျက်သိမ်းပေးဖို့ ၊ စက်ရုံဝင်းထဲကို ကုမ္ပဏီပိုင်ယာဉ်တွေ အဝင်မခံဘဲ ရွာထိပ်လမ်းကို ပိတ်ဆို့တားဆီးကာ ကန့်ကွက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် မေလ ၁၅ ရက်မနက်မှာ ခရိုင်မှူး ခေါင်းဆောင်တဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို လာရောက်နှိမ်နင်းခဲ့ပြီး ရွာသား ၂ဦးနဲ့အတူ အခင်း ဖြစ်စဉ်ကို တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်နေတဲ့ သတင်းထောက်တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက် ဖြစ်သူ နန္ဒ ( တကိုယ်တော်) ဟာ မန္တလေးအခြေစိုက် Channel Mandalay TV ရဲ့ သတင်း ထောက်ဖြစ်တယ်၊ သတင်းရယူရေးကိုသာလုပ်ဆောင်ခဲ့တာလို့ Channel Mandalay TV ကနေ သူအဖမ်းခံရပြီးနောက် ထုတ်ပြန်ထားပါတယ်။

သတင်းထောက် အလုပ်လုပ်ရင်း Channel Mandalay ရုပ်သံသတင်းထောက် နန္ဒတစ်ကိုယ်တော် လည်း အဖမ်းခံရ
ဖမ်းဆီးခံ Channel Mandalay သတင်းထောက် နန္ဒ(တစ်ကိုယ်တော်) အပါအဝင် ရွာသား ၂ယောက်ကို ပုဒ်မ ၁၁၄(တာဝန်ဝတ္တရား နှောင့်ယှက်မှု)၊ ၃၃၃(တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအား အပြင်းအထန် နာကျင်စေမှု)၊ ၄၃၅(မီးရှို့မှု) တွေနဲ့ မေလ၂၉ ရက် နေ့လယ်ပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာတော့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းတဲ့အခါမှာ ဖမ်းဆီးခံခဲ့ရတဲ့ Channel Mandalay ရုပ်သံသတင်းထောက် နန္ဒတစ်ကိုယ်တော်ကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်စစ်ဆေးခဲ့ပြီး အရင် စွဲထားတဲ့ ပုဒ်မ ၄၃၅ (မီးရှို့မှု)ကိုဖြုတ်လိုက်ပြီး ပုဒ်မတချို့ ထပ်တိုးကာ ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ပါတယ်။

ဒီသတင်းထောက်ကို ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု)၊ ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်ဟန့်တား)၊ ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကိုသာမာန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု)၊ ပုဒ်မ ၁၁၄(အားပေးကူညီမှု) တို့နဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

အရင်ပုဒ်မတခုကို ဖြုတ်ပြီး တခြားထပ်တိုးလို့ သတင်းထောက်လည်း ပုဒ်မ ၅ခုနဲ့ ရင်ဆိုင်ရ
သတင်းထောက် နန္ဒတစ်ကိုယ်တော်နဲ့ အတူ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်တူးဝေယံကိုလည်း ဇွန်လ ၁၃ရက်မှာ ပူးတွဲရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

မန္တလေးက အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေးအတွက် ကျေးရွာအဝင်လမ်း ပိတ်ဆို့ဆန္ဒပြရာမှာ သတင်းရယူခဲ့တဲ့ သတင်းထောက် နန္ဒ တစ်ကိုယ်တော်ကို မေလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၃ရက်နေ့မှာ လေးကြိမ်မြောက် ထပ်မံရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အခင်းဖြစ်ပွားစဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဘက်က ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့သလို ဆန္ဒပြ ရွာသားတွေ ဖက်ကလည်း ကုန်းသီးတွေ လေးခွ တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမယ့် အသေအပျောက် မရှိဘဲ ထိခိုက် ဒဏ်ရာ ရမှုတွေတော့ ရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိ ဇွန်လ ၁၃ရက်နေ့အထိ အဖမ်းခံထားရသူ ၁၀ယောက် ရှိပြီး အမှုဖွင့် ခံထားရသူ စုစုပေါင်း ၃၀ ပတ်ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့မှာတော့ ကုမ္ပဏီ မှာ လက်သမား အဖြစ် လုပ်ကိုင်နေတဲ့ ကိုထွန်းမြင့်ဝင်း အဖမ်းခံခဲ့ရပြီး သူ့ကို အောင်သပြေနားက ကြာနီကန် ရဲစခန်းမှာ စစ်ဆေးပြီး အဲ့ဒီနေ့ ညနေပိုင်းမှာ ပုသိမ်ကြီး မြို့မ ရဲစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေထဲမှာ ကိုထွန်းမြင့်ဝင်း မပါဘူးလို့ ရွာသားတွေက ဆိုနေပေမယ့် သူ့ကို နောက်နေ့ ဇွန်လ ၃ရက် နေ့မှာ အိုးဘိုထောင်ကို ပေးပို့ခဲ့ရာမှာ ဇွန်လ ၅ ရက်နေ့မှာ သူဆုံးပါးသွားပြီ ဆိုတဲ့ သတင်းကို ကြားခဲ့ရတာလို့ မိခင် ဖြစ်သူ ဒေါ်အေးက ပြောပါတယ်။

ဘ၀တပါးကို ပြောင်းသွားပေးမယ့် မှတ်ခြင်ယင် မကိုက်အောင် မိခင်က စောင့်ရှောက်ပေးနေ

အောင်သပြေမှု ရဲပတ်

ကိုထွန်းမြင့်ဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေကတော့ သူဟာ အရက်အလွန်အကျွံသောက်တတ်တယ် ၊ အဖျားကြီးပြီး ကယောင်ကတမ်းတွေ ထပြောလေ့ရှိတယ် ဒါကြောင့် ထောင်ဆေးရုံ ပို့ခဲ့ရာမှာ ဆေးရုံမှာ သေဆုံးသွားတာလို့ ထုတ်ပြန် ထားပါတယ်။

သေဆုံးသူ မိသားစုတွေကတော့ ကွယ်လွန်သူ ကိုထွန်းမြင့်ဝင်း ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ဒဏ်ချက်တွေ တွေ့ရပြီး ညာဘက် နားထင် ၊ ကျောကုန်း တို့မှာ အညိုအမည်း စွဲနေပြီး ခြေထောက်မှာလည်း အရေပြားတွေ လန်နေတယ် ဒါ့အပြင် မျက်လုံး နဲ့ မျက်ရိုး တို့မှာ အညိုအမည်းစွဲ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိခင်ဖြစ်သူ ဒေါ်အေးက ပြောပါတယ်။

 သားဖြစ်သူကတော့ ဘ၀အမောတွေကနေ အိပ်စက် သွားပေမယ့် မုဆိုးမ မိခင်ကတော့ အပူမငြိမ်းနိုင်သေးဘဲ သားအလောင်းနံဘေး ထိုင်စောင့်နေ
တချိန်တည်းမှာ အာဏာပိုင်တွေကလည်း ကိုထွန်းမြင့်ဝင်း အလောင်းကို ထောင်ဆေးရုံကနေ မန္တလေး ဆေးရုံက ရင်ခွဲရုံမှာ သေမှုသေခင်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဇွန်လ ၆ရက်နေ့မှာတော့ ကိုထွန်းမြင့်ဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းကော်မရှင် ဖွဲ့ပြီး စစ်ဆေးမယ်လို့ မန္တလေးတိုင်း အစိုးရ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

အမှန်ကို ဖော်ပေးထုတ်ဖို့ ရွာသားတွေ ဆန္ဒရှိနေကြပြီ
ကိုထွန်းမြင့်ဝင်း ရဲ့ အမှုကို အဓိက ကိုင်တွယ် စစ်ဆေး အမှုဖွင့်ထားသူကတော့ ပုသိမ်ကြီး ခရိုင် ရဲမှူး မျိုးညွှန့်သန်း ဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးပြီး တပတ်တိတိ ပြည့်တဲ့ မနက်မှာတော့ ရဲမှူး မျိုးညွှန့်သန်း အလောင်းကို သူ့နေထိုင်ရာ ရဲလိုင်းခန်းမှာ သေနတ် တလက်နဲ့အတူ တွေ့ခဲ့ရပါတယ်။

ရဲမှူး သေဆုံးမှုနဲ့ပတ်သက်လို့ သူ့ကိုယ်သူ သေကြောင်းကြံတာလို့ ပြောကြတာတွေ ရှိသလို ၊ သေဆုံးချိန်ကလည်း မနက် ၇နာရီခွဲ ဖြစ်နေတာရယ်၊ နေရာကလည်း ရဲလိုင်းခန်း သေနတ် ပစ်ဖောက်သံ ကြားလို့ရတဲ့ နေရာ ဖြစ်နေတဲ့ အတွက် သုံးသပ်သူတွေကတော့ မျိုးစုံ မေးခွန်းထုတ်နေကြပါတယ်။

ရဲထုတ်ပြန်ချက်မှာဆိုရင် လည်း ရဲမှူး မျိုးညွှန့်သန်း ဟာ သေဆုံးစဉ်မှာ ညာဘက်လက်နဲ့ သေနတ်ကိုကိုင် ပါးစပ်ကို တေ့ထားကာ ခေါင်းနောက်ဖက် ပွင့်နေတယ်လို့ ဖော်ပြထားပါတယ်။

ကံကြွေး ဝဋ်ကြွေး ရှိရင် ကုန်ပါစေလို့ ဆုတောင်းပြီ
ဆည်းဆာချိန် အမယ်အို ရင်ဆိုင်နေရတဲ့ သောကဝေဒနာ

လက်ရှိမှာတော့ အောင်သပြေ ရွာသားတွေဟာ အာဏာပိုင်တွေကို ကြောက်လို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အဖမ်းခံထားရသူတွေထဲမှာ ကိုးတန်း ကျောင်းသား မောင်တူးဝေယံ ဆိုရင် ဆန္ဒပြတဲ့ အထဲ မပါဘဲ အဖမ်းခံထားရတာလို့ ရွာသားတွေက ပြောပါတယ်။

အောင်သပြေ ရွာသူ အမျိုးသမီးကြီး ဒေါ်အေး ကတော့ သားဖြစ်သူ ကိုထွန်းမြင့်ဝင်းကို သူတို့နဲ့ အပြိုင် အမှု ဖြစ်နေတဲ့ ၊ သူတို့အပေါ် တရားစွဲဆိုထားတဲ့ အဲ့ဒီ ဘိလပ်မြေ စီမံကိန်း ကုမ္ပဏီမှာ အလုပ်မလုပ်ဖို့ တားခဲ့ပေမယ့် သားဖြစ်သူက သူ့စကား နားမထောင်လို့ အခုလို ဆုံးပါးရတာလို့ ဆိုပြီး ယူကြုံးမရ ဖြစ်နေပါတယ်။

ကိုထွန်းမြင့်ဝင်းမှာ ကလေးနှစ်ယောက် ရှိတဲ့ အတွက် မိသားစု ၀မ်းစာရေး ရပ်တည်ဖို့ အလုပ်ရှာရင်း လက်သမားအဖြစ် ကုမ္ပဏီမှာ ၀င်ရောက် လုပ်ကိုင်နေရတာလို့ ဒေါ်အေးက ပြောပါတယ်။

သားဖြစ်သူဟာ အရက်သောက်တယ် ဆိုတာ မှန်ပေမယ့် အလွန်အကျွံ သောက်သူ မဟုတ်ကြောင်း ၊ တကယ်လို့ အရက်သောက်လို့ သေဆုံးရတယ်ဆိုရင် အခုလို ခန္ဒာကိုယ်ပေါ်မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာ ဒဏ်ချက် တွေ တွေ့ရမှာ မဟုတ်ဘူးလို့ ငိုကြွေးရင်း ဒေါ်အေးက ၀မ်းနည်း စကား ဆိုခဲ့ပါတယ်။

အဖမ်းခံရတဲ့ မနက်က လုပ်ခ လစာ လာထုတ်ဖို့ အကြောင်းကြားလို့ ကုမ္ပဏီ ဘက်သွားရင်း အဖမ်းခံရတဲ့ အတွက် သားဖြစ်သူကို အငြိုးနဲ့ ထောင်ဖမ်းတာလား ဆိုတဲ့ သံသယ အတွေး ရှိတယ် သူ့မိသားစုက ပြောပါတယ်။

ကိုထွန်းမြင့်ဝင်း နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်
အခုတော့ အသက် ၇၀ ကျော် အချိန်ကျမှ ခေတ် အဆက်ဆက် လုပ်ကိုင်လာတဲ့ မြေယာ အသိမ်းခံရ၊ တရားစွဲခံရ ၊ ရုံးရောက် ရဲစခန်းရောက် အမှုတွေနဲ့ ရင်ဆိုင်နေရသလို သားဖြစ်သူလည်း ဆုံးပါးခဲ့ရတာကြောင့် ရဲကားမြင်တိုင်း ဒေါ်အေးတယောက် ကြောက်လန့်တကြား ဖြစ်နေသလို ၊ အိမ်ကို လူစိမ်းလာတိုင်း သူ့ကို လာဖမ်းတော့မှာလား ဆိုတဲ့ အသိနဲ့ ကယောင်ချောက်ချား ဖြစ်နေတယ်လို့ သားဖြစ်သူ အရှင်ဝိမယ က မိန့်ပါတယ်။

ရိုးသားတဲ့ တောသူ တောင်သားတွေ အနေနဲ့ နဂိုရှိရင်းစွဲ အတိုင်း ကိုယ့်မြေ ကိုယ့်ယာပေါ်မှာ နေထိုင် လုပ်ကိုင် စားသောက်ရင်း အရင်လိုဘဲ အေးအေးချမ်းချမ်းနဲ့ ပြန်လည် လုပ်ကိုင် စားသောက်ချင်တယ်လို့ ဒေါ်အေး က ရင်ဖွင့် ပြောကြားခဲ့ပါတယ်။

ဆင်းရဲတဲ့ တောင်သူတွေ အနေနဲ့ ဘ၀ကို ငြိမ်းချမ်း ချင်လှပါပြီ ၊ ရင်ဆိုင်နေရတာတွေ အပေါ် အမှန်တရားဖက်က ရပ်တည်ပြီး အမှန် အတိုင်း ဖြစ်စေချင်တယ်လို့ သားဖြစ်သူ အရှင် ဝိမလ ကလည်း မိန့်ကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
မြေယာလည်းဆုံး သားလည်းဆုံးနဲ့ အမှုပါ ရင်ဆိုင်နေရတဲ့ မုဆိုးမတယောက်ရဲ့ ဆည်းဆာချိန် မြေယာလည်းဆုံး သားလည်းဆုံးနဲ့ အမှုပါ ရင်ဆိုင်နေရတဲ့ မုဆိုးမတယောက်ရဲ့ ဆည်းဆာချိန် Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.