ဦးဝီရသူကို ဝရမ်းအသစ် သို့မဟုတ် တရားခံပြေး ကြေညာမိန့်ထုတ်နိုင်တယ်လို့ဆို

 Reuters

ဆရာတော် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတာ တစ်ပတ်ရှိနေပေမဲ့ အခုချိန်ထိ ရဲတပ်ဖွဲ့တွေ မဖမ်းဆီးနိုင်သေးပါဘူး။ ဇွန်လ ၄ ရက်နေ့နောက်ဆုံးထားပြီး ဦးဝီရသူကို တရားရုံးကို ပင့်ခေါ်လာရမယ်လို့ အနောက်ပိုင်းတိုင်းခရိုင်တရားရုံးရဲ့ ဝရမ်းမှာ ဖော်ပြထားပါတယ်။

ဝရမ်းအတည်မပြုနိုင်ရင်ဘာဖြစ်မလဲ

မေလ ၂၈ ရက် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးက ထုတ်ခဲ့တဲ့ ဝရမ်းကို သတ်မှတ်ရက်အတိုင်း ဇွန်လ ၄ ရက်နေ့မှာ အတည်မပြုနိုင်ဘူး၊ ဦးဝီရသူကို မဖမ်းဆီး နိုင်ဘူးဆိုရင် တရားရေး လုပ်ထုံးလုပ်နည်းအရ ဘယ်လို ဖြစ်လာမလဲ။

"၄ ရက်နေ့မှာမှ အတည်မပြုနိုင်ဘူး၊ တစ်နည်းအားဖြင့် ဦးဝီရသူကို တရားရုံးရှေ့ မခေါ်ဆောင်နိုင်ဘူးဆိုရင် ဝရမ်းက အတည်မဖြစ်ကြောင်း သူတို့ အသေးစိတ်မှတ်ချက်ရေးပြီးတော့ တရားရုံးကို ပြန်တင်မှာပေါ့။ ပြန်အပ်တဲ့အခါမှာ တရားရုံးက သူ့ဆင်ခြင်တုံတရားအရ ကာလအသစ်တစ်ခုသတ်မှတ်ပြီး ဖမ်းဝရမ်း အသစ်ထပ်ထုတ်ပေးရင်လည်း ပေးမှာပေါ့။ သို့မဟုတ်ရင်လည်းပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၅၁၂ အရ တရားခံပြေး ကြေညာတဲ့ အမိန့်ထုတ်ရင်လည်း ထုတ်မယ်။...တရာခံပြေးအဖြစ် ကြေညာရင် မြန်မာတစ်နိုင်ငံလုံးအနှံ့ ဖမ်းဆီးခွင့်ရှိသွားပြီ။ ဘယ်ရဲတပ်ဖွဲ့စခန်းကပဲ ဖြစ်ဖြစ်၊ ပြည်သူတွေကပဲဖြစ်ဖြစ် ဖမ်းဆီးခွင့်ရသွားတာပေါ့" လို့ တရားရုံးချုပ် ရှေ့နေလည်းဖြစ် ထောင်မှူးဟောင်းလည်း ဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

သံဃနာယကက သြဝါဒ ပေးမယ့်ရက်ကို ထပ်မံမကြေညာသေး

ဦးဝီရသူက ဘယ်လိုတုံ့ပြန်မလဲ

ဆရာတော်ဦးဝီရသူကတော့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ထံက သြဝါဒခံယူပြီးမှ အဖမ်းခံမယ်လို့ မိန့်ထားပါတယ်။

သံဃနာယကအဖွဲ့က နောက်ထပ်ဆင့်ခေါ်စာ မရမချင်း သံဃနာယကရုံးကို မကြွပဲ စောင့်နေမယ်လို့ ဦးဝီရသူနဲ့ အနီးကပ်ရှိခဲ့သူ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇောက ပြောပါတယ်။ ဒါပေမဲ့ သြဝါဒမခံယူရသေးခင်မှာ ဦးဝီရသူကို ဖမ်းမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ဦးဝီရတေဇောက ဆိုပါတယ်။

အခုအထိ ဦးဝီရသူ ဘယ်မှာ ရှိနေသလဲဆိုတာ မသိကြရပါဘူး။ သူကိုယ်တိုင်ကတော့ မူလက ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က သြဝါဒပေးဖို့ ခေါ်ယူခဲ့တဲ့စာအတိုင်း ရန်ကုန်ကို လာရောက်ပြီး အဲဒီမှာ ရှိနေတယ်လို့ ဗီဒီယိုမက်ဆေ့ခ်ျတွေက တဆင့်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အဲဒီလို သြဝါဒပေးမယ့် အစီအစဉ်ကိုတော့ အချိန်ကပ်မှ ရွှေ့ဆိုင်းခဲ့ပါတယ်။
ဘယ်ရက်မှာ သံဃနာယက သြဝါဒ ပေးမလဲ

ဦးဝီရသူကို ဆုံးမသြဝါဒပေးမယ့် နေ့ရက်ကိုတော့ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရက်အတိအကျတော့ ဖော်ပြထားတာမရှိပါဘူး။

သြဝါဒပေးမှုကို မလိုက်နာခဲ့ရင် ဦးဝီရသူကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀ / ၉၀ နဲ့ သံဃနာယက အဖွဲ့က တရားစွဲဆိုဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ဦးဝီရသူကို ဝရမ်းအသစ် သို့မဟုတ် တရားခံပြေး ကြေညာမိန့်ထုတ်နိုင်တယ်လို့ဆို ဦးဝီရသူကို ဝရမ်းအသစ် သို့မဟုတ် တရားခံပြေး ကြေညာမိန့်ထုတ်နိုင်တယ်လို့ဆို Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.