တပ်မတော်က သက်သေခံတင်သွင်းခွင့် လျှောက်တာကို လက်မခံဖို့ ကျောင်းသားတွေရဲ့ရှေ့နေ တင်ပြ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း(ခေါ်)ဒီရေ ကို ဗိုလ်တထောင်တရားရုံးမှာ ၂၀၁၉ ဇွန် ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ် / Photo: Kyaw Zaw Win/ RFA
တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဒီကနေ့ နေ့လယ်က ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တပ်မတော်ဘက်က သက်သေခံတင်သွင်းခွင့်လျှောက်တာကို တရားရုံးအနေနဲ့ လက်မခံသင့်ကြောင်း သံချပ်အဖွဲ့ရဲ့ ရှေ့နေက လျှောက်ထားလိုက်ပါတယ်။

တရားရုံးက ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းတွေကို မလုပ်ဘဲ တရားခံတွေကို ဖမ်းဆီးပြီးမှ သက်သေခံတင်သွင်းတဲ့ ဗီဒီယိုဖိုင်တွေ သံချပ်စားသားတွေ ဓါတ်ပုံတွေကို သက်သေခံ တင်သွင်းတာဟာ သက်သေခံ ဥပဒေနဲ့ မညီညွတ်တာကြောင့် တရားရုံးက လက်မခံဖို့ လျှောက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

အဲဒီသက်သေခံ တင်သွင်းချက်တွေကို တရားရုံးက လက်ခံ၊ လက်မခံကို လာမယ့် ရုံးချိန်းမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလက ဗမာသစ် ဆုပေးမဏ္ဍပ်မှာ သံချပ်ထိုးဖျော်ဖြေခဲ့ရာမှာ တပ်မတော်ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ပါဝင်တယ်ဆိုပြီး တပ်မတော်ဘက်က ဗိုလ်တထောင်တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလားတူ ဘုရင့်နောင်လမ်းဆုံမှာ သံချပ်ထိုးဖျော်ဖြေခဲ့မှုကို မရမ်းကုန်းတရားရုံးမှာလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ သံချပ်ထိုးဖျော်ဖြေခဲ့မှုကို ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တွေမှာလည်း တပ်မတော်က တရားစွဲဆိုထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
တပ်မတော်က သက်သေခံတင်သွင်းခွင့် လျှောက်တာကို လက်မခံဖို့ ကျောင်းသားတွေရဲ့ရှေ့နေ တင်ပြ တပ်မတော်က သက်သေခံတင်သွင်းခွင့် လျှောက်တာကို လက်မခံဖို့ ကျောင်းသားတွေရဲ့ရှေ့နေ တင်ပြ Reviewed by THITHTOOLWIN on 02:21 Rating: 5
Powered by Blogger.