တာချီလိတ်၊ ဇွန် ၃
ကျိုင်းတုံမြို့မရဲစခန်းမှာ လဲလှယ်ခံထားရတဲ့ အိုက်စ်မူးယစ်ဆေး ကီလို (၆၀)ကျော်ထားတဲ့ စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီး မြင့်နိုင်ကို ပင်လောင်းမြို့နယ်ထဲမှာ ဇွန်လ ၂ရက် ညနေပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီးမြင့်နိုင်ဟာ မေလ ၁၅ရက်ကတည်းက ခွင့်မဲ့ပျက်ကွက်ကာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လိုက်လံစုံစမ်းရာမှာ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်လင်းကျေးရွာမှာ ဘုန်းကြီးဝတ်လျှက်တွေ့ရှိခဲ့တယ်ဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်။ စတိုခန်းသော့ကိုင်ကိုဖမ်းမိပြီဆိုတာ အတည်ပြုလို့ရပါတယ်။ အိုက်စ်တွေ လဲလှယ်ခံထားရတာကတော့ အတည်ပြုလို့မရသေးဘူး။ ကျွန်တော်တို့ မျက်မြင်နဲ့ပဲ ကြည့်ပြီး လဲလှယ်ခံထားရတယ်လို့ ယူဆထားတာပါ” လို့ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးက ပြောပါတယ်။
ကျိုင်းတုံမြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုတစ်ခုကနေ ဖမ်းဆီးရမိတဲ့ အိုက်စ် မူးယစ်ဆေး (၁)ကီလိုထုတ် (၁၀၃)ထုတ်ကို ကျိုင်းတုံမြို့မ ရဲစခန်းက စတိုခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေကို မူးယစ်ဆေးဝါးနေ့အထိမ်းအမှတ် မီးရှို့ဖျက်ဆီးရေးအဖွဲ့ထံ ပေးပို့ဖို့ စစ်ဆေးရာကနေ အိုက်စ် (၁)ကီလိုထုတ် (၁၀၃)ထုတ်ထဲက (၆၄)ထုတ်ဟာ ခြေရာလက်ရာ ပျက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ခြေရာလက်ရာပျက်နေတဲ့ အိုက်စ် (၁)ကီလိုထုတ် (၆၄)ထုတ်ကို ဓာတုဗေဒဝန်ရုံးက ပေးပို့ထားတဲ့ အိုက်စ်နမူနာတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ ကွဲလွဲနေတယ်လို့သိရပါတယ်။
ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
လဲလှယ်ခံထားရသည့် အိုက်စ် ကီလို(၆၀)ကျော်ထားသည့် စတိုခန်းသော့ကိုင်ကိုဖမ်းမိ
Reviewed by THITHTOOLWIN
on
10:27
Rating: