အမေရိကန်ဗီဇာလျှောက်သူတိုင်း ကိုယ့်လူမှုကွန်ရက်စာမျက်နှာ ပြရမည်

 အမေရိကန်ပြည်ဝင်ခွင့်လျှောက်ရင် လူမှုကွန်ရက်သုံးစွဲမှု ပြရမည်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းမျဉ်းအရ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား သူများဟာ လူမှုကွန်ရက် စာမျက်နှာ အသုံးပြုသော အမည်နဲ့ ငါးနှစ်အတွင်း အသုံးပြုခဲ့တဲ့ အီးမေးလ် လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုပါ ပူးတွဲတင်ပြလျှောက်ထားရမယ်လို့ ဆိုပါတယ်။

အခုပြဌာန်းလိုက်တဲ့ ပြည်ဝင်ခွင့်စည်းမျဉ်းသစ်ကြောင့် အနည်းဆုံးတစ်နှစ်ကို ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူ ၁၄.၇ သန်းလောက် ထိခိုက်မှု ရှိလိမ့်မယ်လို့ အမေရိကန် အစိုးရရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ခန့်မှန်းကြပါတယ်။

သံတမန်ရေးရာ တာဝန်နဲ့ လာရောက်သူတွေကတော့ တင်းကျပ်တဲ့ ဗီဇာလျှောက်ထားမှု စနစ်သစ်ကနေ အထူးကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အလုပ်လုပ်ကိုင်သူ ဒါမှမဟုတ် အမေရိကန်ကို ခရီးသွားလာသူတွေကတော့ မိမိတို့ရဲ့ သတင်းအချက်အလက်တွေကို စည်းမျဉ်းအတိုင်း လွှဲပြောင်းပြသရမှာဖြစ်ပါတယ်။

တာဝန်ရှိသူတွေကတော့ "အမေရိကန်နိုင်ငံကို တရားဝင်သွားလာဖို့ ကူညီဆောင်ရွက်နေစဉ်မှာ အမေရိကန်နိုင်ငံသားတွေကိုကာကွယ်ဖို့ အတွက်လည်း ကျွန်တော်တို့ရဲ့ စိစစ်တဲ့လုပ်ငန်းတွေကို တိုးတက်အောင် ကျွန်တော်တို့ နည်းလမ်းတွေ တစိုက်မတ်မတ်ရှာဖွေဖို့ ဆောင်ရွက်နေပါတယ်။"လို့ ပြောခဲ့ပါတယ်။

စနစ်ဟောင်းမှာတော့ အဆိုပါ အချက်အလက်တွေကို သံသယရှိသူ ဗီဇာလျှောက်ထားသူများမှသာ တောင်းခံတာဖြစ်ပြီး အခုပြောင်းလည်း လိုက်တဲ့ စည်းမျဉ်းအရ ပြည်ဝင်ခွင့်လျှောက်ထားသူတွေ အားလုံးဟာ ဖော်ပြထားတဲ့ လူမှုကွန်ရက်များ၊ သုံးစွဲသူ အမည်ကို ဖော်ပြရမှာဖြစ်ပါတယ်။

ဒီစည်းမျဉ်းသစ်ကို သမ္မတဒေါ်နယ်ထရမ့် အစိုးရက ၂၀၁၈ ခုနှစ် မတ်လမှာ ပထမဆုံး အဆိုပြုခဲ့တာပါ။ အဲဒီအချိန်တုန်းက အမေရိကန် ဖွဲ့စည်းပုံပါ နိုင်ငံသားရပိုင်ခွင့်များ အရေး အဓိကလှုပ်ရှားတဲ့ အမေရိကန်နိုင်ငံသားများ လွတ်လပ်ရေး သမဂ္ဂအဖွဲ့က ဒီလို လူမှုကွန်ရက်တွေကို စောင့်ကြည့်တာဟာ ထိရောက်မှုနဲ့ မျှတမှုရှိတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ခဲ့ရဘူးလို့ ပြောခဲ့ဘူးပါတယ်။

လူတွေအနေနဲ့ လူမှုကွန်ရက်နဲ့ ပတ်သက်ပြီး သူတို့ဘာသာ ထိန်းချုပ်သုံးစွဲသင့်တယ်လို့ အဲဒီအဖွဲ့က ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက လူဝင်မှု ကြီးကြပ်ရေး ကိစ္စကို အဓိက ထားပြိး မဲဆွယ်ခဲ့သူပါ။

သူသမ္မတတာဝန် မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို စိစစ်မှု အလွန်အမင်းတင်းကြပ်မယ်လို့ ပြောထားသူပါ။

သောကြာနေ့တုန်းကတော့ သမ္မတ ထရမ့်ဟာ အမေရိကန်နိုင်ငံထဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာတာကို မဟန့်တားနိုင်လို့ ဆိုပြီး မက္ကဆီကို နိုင်ငံအပေါ် သွင်းကုန်တိုးကောက်ခဲ့မယ်လို့ ပြောထားပါတယ်။

BBC Burmese
https://www.bbc.com
အမေရိကန်ဗီဇာလျှောက်သူတိုင်း ကိုယ့်လူမှုကွန်ရက်စာမျက်နှာ ပြရမည် အမေရိကန်ဗီဇာလျှောက်သူတိုင်း ကိုယ့်လူမှုကွန်ရက်စာမျက်နှာ ပြရမည် Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.