တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက်

မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ခ်ျကို တွေ့ရစဉ် /Photo credit - Citizen Journalist
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတစ်ဆင့် အင်တာနက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြေပုံစတဲ့ မြို့နယ်ဘက်တွေမှာလည်း အင်တာနက် လုံးဝသုံးလို့မရတော့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက RFA ကို အတည်ပြုပြောပါတယ်။

Mytel ကုမ္ပဏီရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အင်တာနက်အသုံးပြုခွင့် ပိတ်ထားဖို့ ညွှန်ကြားလာတာကြောင့်ဖြစ်ပြီး ဘယ်အချိန်ကာလအထိ ပိတ်ထားရမယ်ဆိုတာ မသိရသေးကြောင်း RFA ကို ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းကတော့ တည်ငြိမ်အေးချမ်းတဲ့ အချိန်ကာလ တစ်ခုရောက်တဲ့အချိန်မှာ အင်တာနက်အသုံးပြုနိုင်ဖို့ ပြန်ဖွင့်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိအချိန်မှာ MPT က အကြောင်းကြားတာ မရှိသေးပေမယ့် အင်တာနက်သုံးလို့မရတာ ၃ ရက် လောက်ရှိပြီဖြစ်ကြောင်း တယ်လီနောကတော့ ဒီနေ့မနက်ပိုင်းမှာမှ အင်တာနက် ယာယီပိတ်ကြောင်း စာပေးပို့ အကြောင်းကြားလာတယ်လို့ မြောက်ဦးမြို့နယ်ဒေသခံ ဦးစံမောင်သန်းက RFA ကို ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုကြောင့် အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းပြီး ဖုန်းခေါ်တာနဲ့ မက်ဆေ့ခ်ျပို့တာကိုသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်ဆိုပြီး အသုံးပြုသူတွေထံပေးပို့တဲ့ မက်ဆေ့ခ်ျမှာ ရေးသားထားပါတယ်။

RFA Burmese
https://www.rfa.org
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက် တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက် Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.