မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး


မိုးကောင်း ဇွန် ၂၃

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ အုန်းဘောင်ကျေးရွာနှင့် ထုံးရေပေါက်ကျေးရွာတို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့၍ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီ မိနစ် ၄၀ က အုန်းဘောင်ကျေးရွာတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပင်းဘောနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့၍ ပင်းဘောနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ အုန်းဘောင်ကျေးရွာနေ လယ်ပိုင်ရှင် ဦးမြင့်လွင်၏လယ်ကွင်းတွင် သူရင်းငှားလုပ်ကိုင်သူ မောင်ဇာနည်အောင်(သေဆုံးသူ)သည် မောင်အောင်ထွေးစံ၊ မောင်အောင်ထွန်းတို့နှင့်အတူ ဆည်ရေပိတ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့၍ အောင်ထွေးစံနှင့် အောင်ထွန်းတို့နှစ်ဦးမှာ လွင့်စင်သွားကာ ဇာနည်အောင်မှာ မိုးကြိုးထိမှန်ပြီး ဦးခေါင်းငယ်ထိပ်မှ ကျောအလယ်ထိ မီးလောင်ကျွမ်းသည့်ဒဏ်ရာ၊ နားနှစ်ဘက်၌ သွေးများယိုစိမ့်ထွက်သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ရ နာရီခန့်က မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာနေ ဦးရဲရွှေသည် ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းအတွင်း ခိုင်းနွားနှစ်ကောင်နှင့် လယ်ယာထွန်ယက်နေစဉ် မိုးကြိုးထိမှန်ခဲ့၍ ရင်ဘတ်တွင် မီးလောင်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ခိုင်းနွားနှစ်ကောင်အနက် တစ်ကောင်မှာလည်း မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပင်းဘောနယ်မြေရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး Reviewed by THITHTOOLWIN on 03:14 Rating: 5
Powered by Blogger.