ရန်ကုန်သို့ပညာတော်သင်စေလွှတ်မည့်စာရင်းတွင်ပါသည့် လင်းခေးမြို့မှ စာသင်ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံး


ဇွန်လ ၅ ရက် ၂၀၁၉

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ရန်ကုန်သို့ ပညာတော်သင်လွှတ်မည့်သံဃာများစာရင်းတွင်ပါဝင်သော ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၄ ရက် ညနေ ၄ နာရီကျော်အချိန်က လင်းခေးမြို့လယ် မဟာဝိဟာရကျောင်းကြီးကျောင်းမှ စာသင်ကိုယ်ရင်ငယ် ၅ ပါးသည် တိန်းချောင်းရေ ဆင်းဆော့စဉ် ရေစီးသန်ပြီးဝဲကြမ်းသည့်နေရာသို့ကျသွားသဖြင့် ရေနှင့်အတူ နစ်မြုပ်မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသာရ ကမိန့်တော်မူသည်။

“အရှင်ခေမာစာရ အသက် ၁၁ နှစ် ဖြစ်ပါတယ်။ ဒီကိုယ်ရင်က နမ့်တင်ရွာကနေ ဒီကျောင်းကြီးကျောင်းကိုလာပြီး ပညာလာဆည်းပူးတာ ၃ နှစ်ရှိပါပြီ။ သူက စာလည်းတော်တယ်။ ဒါပေမယ့် ခ မနေ့ညနေက တခြားကိုယ်ရင်ငယ် ၄ ပါးနဲ့အတူ တိန်းချောင်းရေခိုးသွားဆော့တယ်။ မိုးကျရင် တိန်းချောင်းရေက ရေနှောက်ပြီး ရေကြီးတော့ ကိုယ်ရင်ငယ်တွေကိုဘုန်းဘုန်းတို့ ရေပေးမဆော့ပါဘူး။ တားမြစ်ထားတဲ့ကြားကခိုးသွားလို့ မျောပါသွားတယ်။ နမျောစရာကောင်းပါတယ်။”- ဟု သျှမ်းသံတော်ဆင့်အား ဆရာတော်က မိန့်တော်မူသည်။

ကိုယ်ရင် အရှင်ခေမာစာရသည် လင်းခေးမြို့နယ် နမ့်တင်ရွာမှ လုံးကောဝိဒ ပါသိန်းတင် တို့၏သားဖြစ်ကြောင်း ၊ လင်းခေးမြို့ ကျောင်းကြီးကျောင်းမှ ရန်ကုန်သို့ ပညာသင်ကြားရန် စေလွှတ်မည့် ကိုယ်ရင်များစာရင်း တွင် တပါးအပါအ၀င်ဖြစ်ကြောင်းလည်း ဒေသခံ ကျောင်းဒကာ ကျောင်းဝေယျာဝစ္စတဦးဖြစ်သည့် နန်းလောဝ်ကပြောသည်။

“ဒီမေလ နှောင်းနဲ့ ဇွန်လဆန်းမှာ လင်းခေးမှာ မိုးဆက်တိုက်ရွာတယ်။ တိန်းချောင်းဖျားမှာလည်း မိုးသည်းလို့ထင်တယ်။ တိန်းချောင်းရေ နှောက်တယ်။ ရေကပုံမှန်ထက်နဲနဲပိုများတယ်။ ရေကတော့ နှောက်လွန်းလို့ လူတွေရေဆိပ်ဆင်းမချိုးကြဘူး ၂ ရက်လောက်။ ကိုယ်ရင်ငယ်ကျတဲ့နေရာက ၀ဲကြီးတယ် ။ လူတွေအဲ့နားမကပ်ကြဘူး။ ကိုယ်ရင်က ငယ်လည်းငယ်တော့မသိဘူးထင်တယ်။ အဲ့နားကပ်သွားတော့ ရေစီးသန်ထဲမျောပါသွားတာနေမှာပေါ့။ မိမိတို့ သားသမီးတွေ မဖြစ်သင့်တာ မဖြစ်ရအောင် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ကြပါလို့ မိဘ၊ အုပ်ထိန်းသူတွေကို သတိပေးချင် ပါတယ် ။ ကနေ့လူငယ်ဟာ အနာဂတ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ခေါင်းဆောင်တွေဖြစ်ပါတယ်။” - ဟု နန်းလောဝ် ကပြောသည်။

ဇွန်လ ၅ ရက် ညနေပိုင်းတွင်မူ ကိုယ်ရင်ငယ်၏အလောင်းအား နစ်မြုပ်သည့်နေရာမှ တမိုင်ခန့်အကွာ ကမ္မဌာန်းကျောင်းအသွားလမ်း သဲစုပ်သည့်နေရာအနီးတွင် ရွာသားများတွေ့မိပြီး ဆယ်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ ကိုယ်ရင်ငယ်၏အသုဘအား ဇွန်လ ၆ ရက်နေ့တွင် ကျောင်းကြီးကျောင်းတွင်ပင် ပြုလုပ်ပြီး လင်းခေးသုသာန်သို့ ပို့ဆောင်သဂြိုဟ်ကြမည်ဖြစ်ကြောင်းလည်း သိရပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ရန်ကုန်သို့ပညာတော်သင်စေလွှတ်မည့်စာရင်းတွင်ပါသည့် လင်းခေးမြို့မှ စာသင်ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံး ရန်ကုန်သို့ပညာတော်သင်စေလွှတ်မည့်စာရင်းတွင်ပါသည့် လင်းခေးမြို့မှ စာသင်ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံး Reviewed by THITHTOOLWIN on 01:59 Rating: 5
Powered by Blogger.