သိမ်းဆည်းမြေယာတွေ အမြန်ဆုံးပြန်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

၂ဝ၁၉ ဇွန်လ ၂၈ ရက်နေ့က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် ဒေသခံတောင်သူများနဲ့ တွေ့ဆုံပွဲမှာ တွေ့ရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ Photo: Myanmar State Counsellor Office
မြေယာသိမ်းဆည်းထားသူတွေကို ပြန်ပေးဖို့ ကြန့်ကြာတာတွေကို မြန်မြန်ဆန်ဆန်ပြန်ပေးတာဟာ ပြန်ပေးသူအတွက်လည်း အကျိုးရှိပြီး နိုင်ငံအတွက်လည်း အကျိုးရှိပါတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဓနုဖြူမြို့နယ်က တောင်သူလယ်သမားတွေနဲ့ ဒီကနေ့မနက်က တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

“နှောင့်နှေးနေတဲ့ပုဂ္ဂိုလ်များက မနှောင့်နှေးဖို့ ကျမ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ကိစ္စကို ဘာလို့ ဖက် တွယ်နေမှာလဲ။ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျမတို့နိင်ငံ အတွက်လည်းကောင်းတာပေါ့။ကျမတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တာကြောင့်မို့လို့ လယ်ယာမြေကိစ္စဟာ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်မပိုင်ဆိုင်တာ၊ ကိုယ်ပြန်ပေးရမယ့် မြေတွေကို မြန်မြန်ဆန်ဆန်ပြန်ပေးတာဟာ ကိုယ့်အတွက်လည်း သိက္ခာရှိတယ်။ ကိုယ့်ရဲ့နိုင်ငံအတွက်လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်အောင်လို့ သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်”

အဲဒီလို မြေယာပြဿနာတွေ ဖြေရှင်းကြတဲ့အခါ နှစ်ဘက်စလုံးဟာ တည်ဆဲဥပဒေတွေကို လိုက်နာပြီး မှန်မှန်ကန်ကန်ဖြေရှင်းကြဖို့နဲ့ တကယ်လို့ ဥပဒေတွေက တိမ်းစောင်းနေတယ်ထင်ရရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုလည်း အခုလိုလမ်းညွှန်ခဲ့ပါတယ်။

“တရားဥပဒေစိုးမိုးရေးကို အလေးထားပါ။ တည်ဆဲဥပဒေတွေကို လိုက်နာစေချင်ပါတယ်။ အကယ်၍ တည်ဆဲ ဥပဒေတွေက မမျှတဘူး၊ မသင့်တော်ဘူးလို့ထင်ရင် ကျမတို့ရဲ့ ပြည်သူပြည်သားအားလုံးဟာ ဥပဒေတွေကို ပြင်သင့်ကြောင်းကို ကိုယ့်ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် တင်ပြလို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အလုပ်က အဓိက ဒါပါပဲ။ လွှတ်တော်ဆိုတာ ဥပဒေပြုမဏ္ဍိုင်ဖြစ်ပါတယ်။ ကိုယ်နိုင်မှ ဥပဒေကို လိုက်နာတယ်ဆိုတာ တရားဥပဒေစိုးမိုးရေးမဟုတ်ပါဘူး။ အဲဒါကိုတော့ ကျမအားလုံးကို နှစ်ဖက်ကို သတိပေးချင်ပါတယ်။ ဥပမာ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ရင် ဟိုဘက် ဒီဘက်ပေါ့နော်။ ကိုယ့်ဘက်နိုင်ရင် ဥပဒေက ကောင်းတယ်ထင်ကြတယ်။ ကိုယ့်ဘက်ရှုံးသွားလို့ရှိရင်တော့ ဥပဒေကိုကန့်ကွက်ကြတယ်။ ဒီလိုလုပ်လို့မရပါဘူး။ ဥပဒေဟာ မျှမျှတတ ဖြစ်ရမယ်။ မမျှတဘူးလို့ထင်ရင် ဥပဒေပြုလွှတ်တော်ကတဆင့် ပြင်ဖို့ကို ဥပဒေဘောင် အတွင်းက ကြိုးစားနိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ အစိုးရ၊ လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ တချိန်လုံး ဆက်သွယ်မှုရှိနေဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရက ပြည်နယ်နဲ့တိုင်းတွေကို တချိန်လုံးဆင်းဖို့ မဖြစ်နိုင်တဲ့အတွက် တိုင်းအစိုးရတွေမှာ အဓိကတာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ တောင်သူတွေက ဒေသအတွင်း လိုအပ်ချက် အခက်အခဲတွေကို တင်ပြမေးမြန်းခဲ့ပါတယ်။ တောင်သူတွေရဲ့မေးမြန်းချက်တွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြားခဲ့ရာမှာ ဓာတ်မြေသြဇာဈေးကြီးတာကို အစိုးရက ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ကိစ္စနဲ့ တောင်သူလယ်သမားတွေ သိချင်တာကို မေးမြန်းပြီး လိုအပ်တာကိုကူညီဖို့ call center ဖွင့်ထားတာကို အဓိကထည့်ပြောသွားတာ တွေ့ရပါတယ်။

“ပြည်တွင်းမှာထုတ်တဲ့ မြေသြဇာထုတ်လုပ်မှုဟာ လုံလောက်မှုမရှိပါဘူး။ ဈေးကြီးတာကို လျှော့ချနိုင်တဲ့နည်းလမ်း၊ တနည်းကတော့ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နိုင်တာကတော့ စနစ်တကျ မှန်ကန်အောင် သုံးစွဲနိုင်တဲ့ နည်းပညာတွေဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်လို့လည်းပဲ တောင်သူလယ်သမားများအနေနဲ့ လိုအပ်မယ် ဆိုလို့ရှိရင် မိမိတို့ ဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၇ ခုနှစ် မတ်လ ၁ ရက်နေ့ထဲက Call Center ဖွင့်ပြီးဖြစ်ပါတယ်။ အဲဒီ call center ကို ဖုန်းဆက်ပြီးတော့ ဖုန်းနဲ့ပဲ အကြောင်းပြန်ခိုင်းခိုင်း၊ မိမိတို့မှာ Viber ရယ် FaceBook ရယ်၊ နှစ်မျိုးစလုံးရှိပါတယ်။ Call center ကိုဆက်ရမယ့်ဖုန်းကတော့ ၀၁- ၂၃၉၉  ၅၅၅ ဖြစ်ပါတယ်။ သိပ်အခက်အခဲရှိရင် Call Center ကို ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းရင် ၂၄ နာရီအတွင်း ပြန်ပြီး အကြံဉာဏ်ပြုမှာဖြစ်ပါတယ်”

တက်ရောက်လာတဲ့ တောင်သူလယ်သမားတွေက မေးခွန်းအတော်များများမေးခဲ့ပေမယ့် အဲဒီအထဲမှာ မြေသိမ်း ယာသိမ်းနဲ့ မြေယာအမှုကိစ္စတွေ အကြောင်းမပါဘူးလို့ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ မြေယာမှုနဲ့ တရားစွဲခံခဲ့ရသူ မအူပင်မြို့နယ်က တောင်သူဦးကြိုင်က ပြောပါတယ်။ ဒါပေမယ့် ကျန်တဲ့ကိစ္စတွေမှာတော့ မေးတာတွေကို ဖြေကြားသွားတာကို ကျေနပ်ပါတယ်လို့ ဆိုပါတယ်။

“မေးတဲ့မေးခွန်းတွေ အနေအထားက အားလုံးအဆင်ပြေပါတယ်။ ပြေတယ်ဆိုတာ ဖြေကြားသူနဲ့ မေးတဲ့သူ ပေါ့လေ။ ဒါပေမယ့် ကျနော်တို့သွားတာက သိမ်းဆည်းခံလယ်ယာမြေတွေကိစ္စရယ် ဒီအောချက် ကုမ္ပဏီနဲ့ မလက်တို၊ ပလောင်က လယ်သမားတွေဖြစ်နေတဲ့ကိစ္စ တင်ပြချင်လို့သွားတာ။ ဟိုကျတော့ သူတို့က ကြိုတင်ပြီးတော့ ဒီစာရင်းပေးထားမှဆိုတော့ ပြောချင်တာတွေတော့ မပြောခဲ့ရဘူးပေါ့။ တင်ပြတဲ့သူတွေရယ်၊ ဖြေကြားတဲ့သူတွေရယ်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် သိမ်းဆည်းခံလယ်ယာမြေတွေကိစ္စတွေ၊ လယ်ယာမြေမှုခင်းတွေမပါဘူး”

တောင်သူလယ်သမားဦးကြီးတွေအတွက် အဓိကကျတဲ့ မြေအသုံးချမှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေနည်းဥပဒေ တွေကို လွယ်ကူရှင်းလင်းအောင် တတ်နိုင်သမျှ ပြင်ဆင်ရေးဆွဲတာတွေ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ အထူးသဖြင့် လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေတွေကို အထူးဦးစားပေးပြီး လွှတ်တော်အဖွဲ့အစည်း အသီးသီးက အစိုးရဌာနများနဲ့ ညှိနှိုင်းပြီးလုပ်ကိုင်နေတဲ့အကြောင်းလည်းဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

(RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြသည်)

RFA Burmese
https://www.rfa.org/burmese
သိမ်းဆည်းမြေယာတွေ အမြန်ဆုံးပြန်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း သိမ်းဆည်းမြေယာတွေ အမြန်ဆုံးပြန်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.