ဆူဒန် ဆန္ဒပြ ဖြိုခွင်းမှု - သေဆုံးသူ အယောက် ၆ဝ ထိ ရှိပြီလို့ အတိုက်အခံပြော

အိဒ်နေ့မှာ မိန့်ခွန်းပေးနေတဲ့ RSF ခေါင်းဆောင်
ဆူဒန်နိုင်ငံ ခါတွမ်းမြို့တော်မှာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေ အကြမ်းဖက် ဖြိုခွဲခံ နေရတာမှာ သေဆုံးသူ အယောက် ၆ဝ အထိ ရှိလာနေပြီလို့ အတိုက်အခံ အုပ်စုက ပြောပါတယ်။

ခါတွမ်းရဲ့ လမ်းတွေပေါ် စစ်တပ်ကိုလိုလားတဲ့ ပြည်သူ့စစ် လက်နက်ကိုင်တွေ လှည့်လည် သွားလာနေပြီး အရပ်သားတွေကို တိုက်ခိုက်နေတယ် ဆိုတဲ့ သတင်းတွေ ရရှိ နေပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲမှုဟာ ဇွန်လ ၃ ရက်၊ တနင်္လာနေ့က စတင်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆူဒန် စစ်တပ်ကို နိုင်ငံတကာက အပြင်းအထန် ဝေဖန် ရှုတ်ချနေပါတယ်။

ဂျန်ဂျဝိလို့ လက်နက်ကိုင်တွေက အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ ခါတွမ်းမြို့ခံတွေကပြော
အခုနောက်ပိုင်း ရက်တွေမှာလည်း ပြည်သူ့စစ် လက်နက်ကိုင်တွေက စစ်တပ်ကို ဆန့်ကျင် နေသူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတယ်လို့ ခါတွမ်းက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီ လက်နက်ကိုင်တွေဟာ လက်ရှိမှာတော့ RSF ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေသူတွေ ဖြစ်ပြီး၊ အရင်တုန်းက "ဂျန်ဂျဝိ" လို့ အသိများခဲ့တဲ့ အုပ်စု ဖြစ်ပါတယ်။

ဂျန်ဂျဝိတွေဟာ ၂ဝဝ၃ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆူဒန် အနောက်ပိုင်း ဒေသ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း အင်မတန် ကြမ်းကြုတ် ရက်စက်တဲ့သူတွေ အဖြစ် နာမည်ဆိုး ထွက်ခဲ့သူတွေ ဖြစ်ပါတယ်။

လက်ရှိ ဆူဒန် အကြပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်းမှာလည်း ဆူဒန် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ထွက်လာဖို့ ကြိုးစား ခဲ့ပေမယ့် တရုတ်က ကန့်ကွက်ခဲ့လို့ ဆုံးဖြတ်ချက် ထွက်မလာနိုင် ဖြစ်ခဲ့ပါတယ်။ ရုရှားကလည်း တရုတ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံ ခဲ့ပါတယ်။

ဇွန် ၃ ရက်က စပြီး စစ်တပ်က ပစ်တာခတ်တာ စလုပ်လာ
ဆူဒန်မှာ ဘာတွေ ဖြစ်ပျက်နေခဲ့လဲ

ခါတွမ်းမြို့တော် စစ်ရုံးချုပ်ရှေ့ ရင်ပြင်မှာ ဆန္ဒပြသမားတွေ နေရာ ယူထားကြတာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက် နေ့ကတည်းက ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တိုင်းပြည် အာဏာကို အနှစ် ၃ဝ ချုပ်ကိုင်ထားတဲ့ သမ္မတ အိုမာ အယ်လ်-ဘရှားကို စစ်တပ်က ဖယ်ရှားလိုက်ပြီး TMC ဆိုတဲ့ စစ်ကောင်စီ တစ်ရပ် ထူထောင်လို့ တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။

ဆန္ဒပြသူတွေရဲ့ ကိုယ်စားလှယ်တွေလည်း TMC နဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ ပြုလုပ်လာခဲ့ပြီး အရပ်သား လွှမ်းမိုးတဲ့ အုပ်ချုပ်ရေး ကောင်စီ ဖြစ်လာဖို့၊ ရွေးကောက်ပွဲ ဘယ်အချိန် ကျင်းပမလဲ ဆိုတာ သတ်မှတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အပြောင်းအလဲ ကာလကို ၃ နှစ် အချိန်ယူပြီး ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ သဘောတူမှုမျိုး ရလာခဲ့ပါတယ်။

ဒါပေမယ့် ဇွန်လ ၃ ရက် နေ့မှာတော့ စစ်ရုံးချုပ်ရှေ့ ရင်ပြင်ကို စစ်သားတွေ ဝင်ရောက် ရှင်းလင်း လာပြီး ပစ်တာခတ်တာတွေ ပြလုပ်လာပါတယ်။ "ပြဿနာ ရှာသူတွေ၊ ရာဇဝတ်သားတွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး သာမန် အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးသွားမယ်" ဆိုပြီး စစ်ကောင်စီက ကြေညာပါတယ်။

နောက်တစ်ရက် ဇွန် ၄ ရက်နေ့မှာတော့ TMC ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာဟ် အယ်လ်-ဘူရ်ဟန်းက အတိုက်အခံတွေနဲ့ ဆက်ပြီး ဆွေးနွေးမှာ မဟုတ်သလို၊ ရထားပြီးတဲ့ သဘောတူမှုတွေ အားလုံးကိုလည်း ဖျက်တယ်လို့ ကြေညာပါတယ်။ ရွေးကောက်ပွဲတွေကို ၉ လ အတွင်း ကျင်းပပေးမယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ ရွေးကောက်ပွဲကို အဆောတလျင် ပြုလုပ်ဖို့ မလိုလားပါဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ ဆူဒန်မှာ အမြစ်တွယ်နှင့်ပြီးတဲ့ အိုမာ အယ်လ်-ဘရှားလက်ထက်က နိုင်ငံရေး ကွန်ရက်ကြီး တစ်ခုလုံးကို အချိန်ယူ ရှင်းလင်း ဖျက်သိမ်းဖို့ လိုတယ်လို့ ဆန္ဒပြသမားတွေက ယူဆထားပါတယ်။

ရွေးကောက်ပွဲ စောလုပ်မယ် ဆိုရင် အရင်လူတွေပဲ အာဏာပြန်ရဖို့ လမ်းခင်းပေးသလို ဖြစ်လိမ့်မယ် ဆိုပြီး ဆူဒန် ဆိုင်ရာ ဗြိတိသျှ သံအမတ်အဖြစ် တာဝန်ထမ်းဖူးတဲ့ ရိုစလင်း မာစ်ဒန်က ဘီဘီစီကို ပြောပါတယ်။

ဇွန် ၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ ဗိုလ်ချုပ်ကြီး ဘူရ်ဟန်းက ရုပ်မြင်သံကြားပေါ် ကနေ ထပ်ပြီး စကားပြောလာတဲ့ အထဲမှာတော့ အတိုက်အခံတွေနဲ့ကြား ဆွေးနွေးပွဲတွေ ပြန်စလိုတဲ့ ဆန္ဒရှိကြောင်း ပြောလာပြန်ပါတယ်။

"ဖြစ်ပျက်ခဲ့တာတွေအတွက် ဝမ်းနည်းတယ်" လို့ ဗိုလ်ချုပ်ကြီး ဘူရ်ဟန်းက ဆိုပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ခဲ့မှုကို သူ ဆိုလိုတာလား၊ ဘာ့ကြောင့် ဝမ်းနည်းတာလဲ ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။
ပစ်ခတ်မှု ဖြစ်ခဲ့အပြီး ခါတွမ်းမြို့ မြင်ကွင်း

ခါတွမ်းမြို့ခံတွေရဲ့အသံ

အရပ်သားတွေ ရက်ရက်စက်စက် အတိုက်အခိုက် အသတ်အဖြတ် ခံနေရတဲ့ သတင်းတွေ ပြန့်နေလို့ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲတော့ဘူးလို့ ခါတွမ်းမြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

"အကြောက်တရားနဲ့ နေနေရတယ်။ အိမ်ပြင်ထွက်ရင် စစ်သားတွေက ပစ်သတ်တာ ခံရမလား၊ ရိုက်သတ်တာပဲ ခံရမလား ဆိုပြီး အိမ်အပြင်ကို တစ်လှမ်းမှတောင် ခြေမချဝံ့တော့တဲ့ အခြေအနေ ရောက်နေပြီ" လို့ အမည်မဖော်လိုတဲ့ အဲဒီ ခါတွမ်းမြို့ခံ အမျိုးသမီးက ဆိုပါတယ်။

ခါတွမ်းရဲ့ လမ်းတွေပေါ် စစ်သားတွေက လူငယ် ၃ ယောက်ကို သတ်ဖြတ်နေတာကို အဲဒီ အမျိုးသမီးရဲ့ ဦးလေးဖြစ်သူ မျက်မြင် ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ နောက်ထပ် မြို့ခံ အမျိုးသားတစ်ယောက်ကလည်း ဂျန်ဂျဝိ လက်နက်ကိုင်တွေက သူ့ရဲ့ကားကို တားပြီး ကားထဲက ဆွဲထုတ်၊ ရိုက်နှက် ကန်ကျောက်တာတွေ ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီသူ ရည်ညွှန်းပြောတဲ့ ဂျန်ဂျဝိ၊ အခုလက်ရှိ RSF လို့ ခေါ်နေတဲ့ လက်နက်ကိုင်တွေ ခါတွမ်းတမြို့လုံးမှာ တွေ့နေရတယ် ဆိုပြီး မြို့ခံ တော်တော်များများက ပြောပါတယ်။

RSF ပြည်သူ့စစ် ခေါင်းဆောင်နာမည်က မိုဟာမက် အာမက်ဒ်တီ ဟာမာဒန် လို့ ခေါ်ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနဲ့ ဆော်ဒီအာရေဗျ အာဏာပိုင်တွေနဲ့ အလွန် နီးစပ်သူလို့ သတင်းထွက်ပါတယ်။

ယီမင် ပြည်တွင်းစစ်မှာ ရှီအာမွတ်ဆလင် ဟူသီ သူပုန်တွေကို ပစ်မှတ်ထားပြီး ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ် ညွန့်ပေါင်း အုပ်စုက ဝင်တိုက်တဲ့ အခါ အဲဒီ အုပ်စုထဲ ပူးပေါင်း ပါဝင်ဖို့ RSF အဖွဲ့ဝင်တွေကို မိုဟာမက် အာမက်ဒ်တီ ဟာမာဒန်က စေလွှတ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

BBC Burmese
https://www.bbc.com
ဆူဒန် ဆန္ဒပြ ဖြိုခွင်းမှု - သေဆုံးသူ အယောက် ၆ဝ ထိ ရှိပြီလို့ အတိုက်အခံပြော ဆူဒန် ဆန္ဒပြ ဖြိုခွင်းမှု - သေဆုံးသူ အယောက် ၆ဝ ထိ ရှိပြီလို့ အတိုက်အခံပြော Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.