ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ဖုန်း ၂ လုံး အခိုးခံရ


စစ်တွေ၊ ဇွန် ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၏ နေအိမ်မှ လက်ကိုင်ဖုန်း ၂ လုံး အခိုးခံရကြောင်း သတင်း ရရှိသည်။

လွှတ်တော်ဥက္ကဋ္ဌ နေထိုင်သည့် စစ်တွေမြို့ အနောက်စံပြ ရပ်ကွက် ဝန်ကြီးများအိမ်ရာ အိမ်အမှတ်(၂)တွင် ဇွန်လ ၁၄ ရက်နေ့ ညဥ့်အချိန်က ဖုန်း(၂)လုံးပျောက်ဆုံးခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ပြောသည်။

“ဟုတ်ပါတယ်။ ဘယ်သူခိုးတယ်ဆိုတာတော့ မသိဘူး။ ဖုန်းနှစ်လုံး လုံးက SAMSUNG အမျိုးအစားပါ။ ကျွန်တော်ဖုန်းတော့ မဟုတ်ဘူး။ ကျွန်တော်သား နှစ်ယောက်ရဲ့ ဖုန်းပါ။ တစ်ယောက် တစ်လုံး ပါသွားပါတယ်။ အခုလို ဖုန်းတွေအခိုးခံနေရတော့ လူလည်း လုံခြုံမှုမရှိသလိုခံစားရတယ်။” ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေထိုင်သော အိမ်သည် ရခိုင်ပြည်နယ်ဝန်ကြီးများ အိမ်ရာဝင်း အတွင်းတွင် တည်ရှိပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ နေထိုင်သော နေရာတစ်ခုဖြစ်သည်။

၎င်းပြင် ခြံဝင်းထဲ အဝင်ဝဂိတ်တွင် ရဲအစောင့်အရှောက်များလည်းရှိကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်ကလည်း တစ်ကြိမ် ထိုသို့ ဝင်ရောက် အခိုးခံခဲ့ရကြောင်း၊ လုံခြုံရေးပိုင်းက အားနည်းသည့် အတွက် ထိုသို့ ဝင်ရောက်ခိုးသွားခြင်း ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဆက်ပြောသည်။

“တစ်ခြားတန်ဖိုးကြီးပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဖုန်းနှစ်လုံးပဲ ပါသွားတာပါ။ ပြတင်းပေါက်ကနေ လှမ်းယူသွားတာပါ။ သက်ဆိုင်တဲ့ သူတွေကိုတော့ အကြောင်းကြားပြီးပါပြီ။ အခုလိုဖြစ်တာ လုံခြုံရေးပိုင်း အားနည်းလို့ ဖြစ်တာလို့ မြင်ပါတယ်။” ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေအမှတ်(၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိသဖြင့်  ဝန်ကြီးအိမ်ရာဝင်း လုံခြုံရေးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို နိရဉ္စရာသတင်းဌာန အနေနှင့် တင်ပြပေးနိုင်ခြင်းမရှိပါ။

သိန်းဇော် (မောင်တော)
Narinjara
https://www.facebook.com/narinjaranews
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ဖုန်း ၂ လုံး အခိုးခံရ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ဖုန်း ၂ လုံး အခိုးခံရ Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.