အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချတာလို့ AA ကြေညာချက်ထုတ်

အင်တာနက်လိုင်း ယာယီဖြတ်တောက်ခံတဲ့ မြောက်ဦးမြို့နယ်က ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ၂၀၁၉၊ ဇွန် ၂၄ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အစိုးရက မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီပိတ်လိုက် တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက် ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့က စပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှု အားလုံးကို တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခွင့်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစပြီး အစိုးရက ပိတ်ပင်လိုက်တာ ဟာ ဒေသတွင်း သတင်းအမှောင်ချတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီက မနေ့က ပြောလိုက်ပါတယ်။


တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေးနဲ့ စစ်ဆင်ရေးတွေလုပ်နေတဲ့အချိန်မှာ အခုလို အင်တာနက်ဖြတ်တောက်လိုက်တာဟာ အရပ်သားတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားမှုတခုပဲလို့လည်း ပြောဆိုလိုက်တာပါ။

ဒါကြောင့် ဒေသခံတွေအတွက် စိုးရိမ်ပူပန်မိကြောင်း ယန်ဟီးလီ က ပြောပါတယ်။

အင်တာနက်အသုံးပြုခွင့် ယာယီဖြတ်တောက်လိုက်တာဟာ တပ်မတော်က ဆောင်ရွက်ခိုင်းတာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၂ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ အစိုးရက အခုလို မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခွင့် ယာယီပိတ်လိုက်တာဟာ တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က NLD အစိုးရအပေါ် အခုလို စွပ်စွဲလိုက်ပါတယ်။

“ပြည်သူ့အစိုးရလို့ ကြွေးကြော်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ရောက် မှပဲ ဒီလိုမျိုး အများပြည်သူကို ဆက်သွယ်ရေးတွေ ဖြတ်တောက်တယ်ဆိုတာဟာ သူတို့ပြောပြောနေတဲ့ ဒီမိုကရေ စီ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်တာ၊ အထူးသဖြင့်တော့ ဆိုးဝါးတဲ့လူ့အခွင့်အရေး ချိုးဖောက်ဖို့အတွက် အစိုးရကထောက်ခံပြီးတော့ အကူညီပေးနေတာလို့ပဲ ကျနော်ကတော့နားလည်တယ်”

AA အဖွဲ့ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့
"ဒါကတော့ နှစ်ဘက်လုံးကပြောလို့ရပါတယ်၊ သူတိုကတာ့ သတင်း လွတ်လပ်ခွင့်ကိုပြောမှာပေါ့၊ ရခိုင်ပြည်မြောက်ပိုင်းဟာ စစ်မက်ဖြစ် ပွားနေတဲ့ဒေသဖြစ်ပါတယ်၊ အင်တာနတ်လိုင်းကို အသုံးပြုပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ စီမံဆောင်ရွက်တာ၊ စစ်ရေးသတင်းတွေ စုဆောင်းပေးပို့တာ ဒါတွေရှိ မရှိကတော့ ကျနော်တို့ပြောလို့ မရပါဘူး။ တပ်မတော်ကလည်း ဒါကိုစိုးရိမ်တယ်လို့ထင်ပါတယ်၊ ပြည်ထောင်စုအစိုးရက အင်တာနတ်လိုင်းတွေ ပိတ်တယ်ဆိုရင် လည်း ဒီလို့အချက်တွေမူတည်ပြီး ပိတ်တယ်လို့ ကျနော်တို့နားလည် ပါတယ်၊ အမှန်တကယ် ဘာဖြစ်လည်းဆိုတာကတော့ ကျနော်တို့ တိတိကျကျသိမှ ဘယ်ဘက်ကဆုံးဖြတ်ချက်က မှန်တယ် မှားတယ် ကျနော်တို့ပြောလို့ရပါမယ်”

တပ်မတော်က ဒေသတွင်း သတင်းအမှောင်ချဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ နဲ့ AA အဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က


“မဆိုင်ပါဘူးဗျာ ကျနော်တို့ ဒါတွေလုပ်နေတာမှ မဟုတ်တာ၊ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က သီးခြားပြောစရာမရှိပါဘူး၊ ဟိုမှာဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ပြောထားတာရှိပါတယ်”

ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေ အစိုးရပိတ်လိုက်တာဟာ တပ်မတော်အနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့ ထောက်ခံလိုက်တာလို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချူပ် ဦးမျိုးဆွေကို RFA က မေးမြန်းရာမှာတော့

“ကျနော်ဘာမှ မှတ်ချက်ပေးစရာမရှိပါဘူး၊ ကျနော်တို့ဌာနက မှတ်ချက်ပေးတဲ့ဌာနမဟုတ်ပါဘူး၊ ကျနော်တို့ဌာနက ပြီးခဲ့တဲ့ခေါက်တွေတုန်းက ဖြေထားတာရှိတယ်လေ၊ ဒါအပေါ် မှတ်ချက်ပေးစရာမရှိပါဘူး”

ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အင်တာနက် အသုံးပြုခွင့် အမြန်ဆုံး ပြန်ပေးဖို့ မနေ့က တောင်းဆိုကြပါတယ်။

“ပြည်သူလူထုရဲ့ သတင်းတွေ လွတ်လပ်စွာ ရယူခွင့်၊ ထုတ်ဖော်ခွင့်တွေကို သတင်းအချက်အလက်တွေကို ဖလှယ်ခွင့်တို့၊ အရေးပေါ်အကူအညီတွေ၊ ဝန်ဆောင်မှုတွေ စသဖြင့် စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းမိသားစုတွေ အချင်းချင်း အဆက်အသွယ်မှု ရနိုင်ဖို့ အခွင့်အရေးတို့ ဒါတွေက အခုအခြေအနေဆိုရင် အရမ်းကိုထိခိုက်တယ်၊ အင်တာနက်တွေကို ဖျက်တောက်လိုက်တာ အရမ်းကို စိုးရိမ်တယ်၊ ဖျက်တောက်လိုက်တာကို ချက်ခြင်းပြန် ဖွင့်ပေးဖို့ကို ကျွန်မတို့က တောင်းဆိုတာပါ”

MIDO အဖွဲ့က မရတနာ ပြောသွားတာပါ။

ဆက်သွယ်ရေးဥပဒေမှာပါတဲ့ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်တာနဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မ ၇၇၊ ၇၈ နဲ့ ကျန်ပုဒ်မတွေကို လူ့အခွင့်ရေးစံနှုန်းတွေအညီ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့နဲ့ နောင်တချိန်မှာလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအပြင် ရွေးကောက်ပွဲကာလတွေမှာ အခုလိုအင်တာနက်နဲ့ အခြားဆက်သွယ်ရေး စနစ်တွေ ဖြတ်တောက်တာတွေ မလုပ်ဖို့ကိုလည်း အရပ်ဖက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

ဖက်ဒရယ်ဒမီုကရက်တစ် အင်အားစုအဖွဲ့က ဦးမြအေး က အခုလိုပြောပါတယ်။


"နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် လုပ်တာလည်း ဖြစ်ကောင်းဖြစ် နိုင်တယ်၊ ဒါပေမဲ့ အခြေခံ သဘောတရားကတော့ ကျနော်တို့ အင်တာနက်လိုင်းတွေ ပိတ်လိုက်တဲ့အခါကျတော့ သတင်း အချက်အလက်လည်း ပြတ်တောက်သွားတယ်ဗျာ၊ အဲဒေသမှာရှိတဲ့ ပြည်သူလူထုအတွက် ကျနော်ကတော့ စိတ်ပူတယ်၊ ပြည်သူလူထုက သူ့တို့ခံစားချက်တွေကို အခုမြန်မာနိုင်ငံရဲ့ အခြေအနေအရ ဖော်ပြနိုင်တာက အင်တာနက်အားကိုးနဲ့ လူမှုကွန်ရက်ပေါ်မှာပဲ ဖော်ပြနိုင်တာဗျ၊ ဒါသူတို့ရထားတဲ့ သေးသေးလေး အခွင့်အရေး၊ အဲဒီအခွင့်အရေးလေးကို ပိတ်လိုက်တော့ လူထုက ဖော်ပြဖို့ အရမ်းခက်သွားတယ်"

တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တရားဥပဒေစိုးမိုးမှုနည်းနေတဲ့ အတွက် တည်ငြိမ်အေးချမ်းတဲ့အချိန်မှသာ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခွင့် ပြန်လည်ပေးမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ဇွန်လ ၂၂ ရက်နေ့က RFA ကို ပြောထားပါတယ်။

မြို့နယ် ၉ခုမှာ အင်တာနက်အသုံးပြုခွင့် အစိုးရက ယာယီဖြတ်တောက်ထားတာကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ မနက်ဖြန် ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချတာလို့ AA ကြေညာချက်ထုတ် အင်တာနက်ဖြတ်တောက်တာ သတင်း အမှောင်ချတာလို့ AA ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.