UNHCR က ID ကတ် ထုတ်ပေးလိုက်တဲ့ ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ ရှိသလား

အခုရက်ပိုင်းအတွင်း ကုလသမဂ္ဂက အသိအမှတ်ပြု ID ကတ်ထုတ်ပေးတဲ့ ရိုဟင်ဂျာ အနည်းဆုံး နှစ်သိန်းခွဲကျော်ရှိလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအဖြစ် UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်ပေးထားတဲ့ အရေအတွက်ဟာ နှစ်သိန်းခွဲကျော် ရှိနေပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ UNHCR ကထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ နောင်မှာ ကိုယ့်သဘော ဆန္ဒအလျောက် မြန်မာနိုင်ငံထဲ ပြန်လာခွင့် ရရေးအတွက် UNHCR က ဒီအသိအမှတ်ပြု ID ကတ်တွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ UNHCR က ID ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ် ဇွန်လက စတင် လုပ်ခဲ့တာ ဖြစ်ပြီး လောလောဆယ် ကော့ဆက်ဘဇား ခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၂၇၀,၃၄၈ ဦးကို ID ကတ် ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို ID ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ အပြီးသတ်ဖို့ ရည်မှန်းချက်နဲ့ ဝန်ထမ်း ၄၅၀ ကျော်ဟာ နေရာ ၆ ခုခွဲပြီး တစ်နေ့ကို ရိုဟင်ဂျာ ၄ ထောင်ကျော်ကို ID ကတ်တွေ ထုတ်ပေးနေတယ်လို့ UNHCR က ဆိုပါတယ်။

ရိုဟင်ဂျာတွေကို UNHCR က အခုလို ID ကတ်တွေ ထုတ်ပေးနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ် ပူးပေါင်း လုပ်ဆောင်တာမျိုး မရှိဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလူတွေဟာ မြန်မာနိုင်ငံထဲမှာ အမှန်တကယ် နေထိုင်ခဲ့သူတွေ ဟုတ်မဟုတ် ဆိုတာကိုလည်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆေးရဦးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

 ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် ပထမဆုံးနေ့မှာပဲ မစ္စတာ ဂရန်ဒီ ရခိုင်ပြည်နယ်ကို ရောက်ရှိလာ
UNHCR ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီး ရက်ပိုင်း အကြာမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ပထမဆုံးနေ့ ဖြစ်တဲ့ မေလ ၂၀ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့တွေဆီ သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ဝင်လာမယ့် ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ ပတ်သက်လို့ အဓိက မေးမြန်း ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဖိလစ်ပို ဂရန်ဒီဟာ သူ့ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ခရီးစဉ် ပြီးရင်တော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး အစီအစဉ် တကယ်တမ်း အကောင်အထည် ပေါ်မလာသေးတဲ့ ကိစ္စအပေါ် ဖိလစ်ပို ဂရန်ဒီနဲ့ မြန်မာ အစိုးရအကြား ဆွေးနွေးလာဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ UNHCR နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကို ကြည့်ရင် ရခိုင်ပြည်နယ် အရေးတစ်ခုတည်း မဟုတ်ဘဲ ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်တွေ ပြန်ဝင်လာရေး၊ ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်လာရေး စတာတွေလည်း ပါဝင်တယ်လို့ ဒုဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း ရိုဟင်ဂျာ ၇ သိန်း ခွဲ နီးပါး ထွက်ပြေးသွားခဲ့အပြီး အခုအခါ ကော့ဆက်ဘဇား ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အရေအတွက် ၉ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

BBC Burmese
https://www.bbc.com
UNHCR က ID ကတ် ထုတ်ပေးလိုက်တဲ့ ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ ရှိသလား UNHCR က ID ကတ် ထုတ်ပေးလိုက်တဲ့ ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံဖို့ ရှိသလား Reviewed by THITHTOOLWIN on 10:20 Rating: 5
Powered by Blogger.