ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ခု ရေမရလို့ရပ်ဆိုင်းနေ

 စစ်ကိုင်းတိုင်းကလေးမြို့အနီး က ရေခန်းနေတဲ့ရာဇဂြိုလ် ဆည်
လက်ရှိမြန်မာနိုင်ငံ အတွင်းထူးကဲပြင်းထန်တဲ့ ရာသီဥတုအခြေနေနဲ့ လစဉ်ရေဝင် မှုနူန်းများ လုံးဝရပ်သွားတာကြောင့် ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ ခုရပ်ဆိုင်းနေ တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကဒီနေ့ ပြည်သူလွှတ်တော်မှာ ထုတ်ပြောသွားပါတယ်။

အဲဒီ့ရပ်ဆိုင်းနေတဲ့ စီမံကိန်းတွေ ကတော့ ဇောင်းတူ ၊ မုန်း၊ ဖြူးချောင်း၊ မြစ်သာ၊ရာဇဂြိုလ် ၊တာပိန် တို့ ဖြစ်ပြီးတော့လျှပ်စစ် ထုတ်လုပ်နိုင်မှု လုံးဝမရှိတော့ဘူး လို့လည်း လျှပ်စစ်နဲ့ စွမ်းအင် ဒုတိယဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင် ငံမှာ နိုင်ငံ အတွင်းလျှပ်စစ်အားထုတ်လုပ်နိုင်တဲ့ပမာဏဟာ မီဂါဝပ် ၄၀၀၀ ခန့်ရှိ ပြီးရေအားလျှပ်စစ် က ၅၂ ရာခိုင်နူန်း ခန့်ပါဝင်နေပါတယ်။

နှစ်စဉ်နွေရာသီမှာ ရေအားလျှပ်စစ် စီမံကိန်းတွေ ဟာ ရေအားလျော့နည်းလို့ ထုတ်လုပ်မှုတွေ လျော့နည်းလေ့ရှိပြီးတော့အခြားစီမံ ကိန်းတွေဟာလည်း တစ်ရက် ကို ၂နာ ရီ က နေ၄ နာရီ ခန့် သာထုတ်လုပ်နိုင်မူရှိတယ် လို့လည်းလျှပ်စစ်နဲ့ စွမ်းအင် ဒုတိယဝန်ကြီးကပြောသွားပါတယ် ။
 အခြားစီမံ ကိန်းတွေဟာလည်း တစ်ရက် ကို ၂နာ ရီ က နေ၄ နာရီ ခန့် သာထုတ်လုပ်နိုင်မူရှိတယ်
မြန်မာနိုင်ငံမှာ ၁ဝ မီဂါဝပ် အထက် ထုတ်နိုင်တဲ့ ရေအားလျှပ်စစ်ထုတ်စက်ရုံကြီး ၂၇ ရုံ၊ ၁ဝ မီဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ စစ်တမ်းတွေက ဆိုပါတယ်။

ADB ရဲ့ဆန်းစစ်ချက်အရ အဲဒီ ရေအားလျှပ်စစ် စက်ရုံတွေ စုစုပေါင်းကနေ မီဂါဝပ် ၃ ထောင် စွန်းစွန်း ထုတ်တယ်လို့ ဆိုပါတယ်။

ဓာတ်ငွေ့သုံး စက်ရုံပေါင်း ၂ဝ ကနေ မီဂါဝပ် ၁၈ဝဝ ကျော် ရပြီး၊ ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ တစ်ခုတည်းသော ကျောက်မီးသွေးသုံး စက်ရုံကနေ ၁၂ဝ မီဂါဝပ် ရပါတယ်။ ဒီတော့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ စုစုပေါင်းဟာ ၃၃ဝဝ လောက် ရှိပြီး ၂ဝ၁၉ လိုအပ်ချက် ပြည့်မှီဖို့ဆို အနည်းဆုံး ၁၅ % တိုးထုတ်ဖို့ လိုတယ်ဆိုပြီး တွက်ဆ ထားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဆိုရင် ရေအားလျှပ်စစ် စက်ရုံတွေကို အကြီးစား ပြင်ဆင်ဖို့ လိုတယ်ဆိုပြီး မေလ ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

မှီခိုနေရတဲ့ ရေအားလျှပ်စစ် စက်ရုံတွေထဲ မပြင်ဆင်ပဲ အနှစ် ၃ဝ ကျော်ထိအောင် မောင်းထားတဲ့ စက်မျိုးတွေ ရှိနေတဲ့ အတွက် စက်ချို့ယွင်းပြီး လျှပ်စစ်ထုတ်နိုင်စွမ်းလည်း ကျဆင်း ခဲ့တာလို့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဌာနဘက်က လွှတ်တော်ထဲ မှာပြောခဲ့ပါတယ်။

ပြင်ဆင်စရိတ်ရဖို့ ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ AFD ဆီကနေ ယူရို ၃၅ သန်းခွဲကျော် ချေးယူခွင့် ပေးပါဆိုပြီးတော့လည်း ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကမေလ ၁ ရက်နေ့က လွှတ်တော်ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကလေး ဂန့်ဂေါ် ဟားခါး မြို့တွေကို မီးပေးနေတဲ့ မြစ်သာရေအားလျှပ်စစ်စီမံကိန်း
လျှပ်စစ်ထုတ်လုပ်မှု ပမာဏရဲ့ ထက်ဝက်လောက်ကို ရန်ကုန်တိုင်းက သုံးစွဲတာဖြစ်ပြီး၊ မန္တလေးက ၁၈% နီးပါး သုံးစွဲတယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကတော့ တခြား နေရာတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းပါးနေတာ တွေ့ရပါတယ်။

လျှပ်စစ်မီးတွေ သုံးနေတဲ့ နေရာဒေသတွေမှာတော့ တစ်နှစ်ထက်တစ်နှစ် ဓာတ်အား ပမာဏ လိုအပ်ချက်တွေ တိုးမြင့်လာနေတာကြောင့်၊ မီးပြတ်တယ်ဆိုတဲ့ ပြဿနာဟာ အဲဒီ ပမာဏကို ပြည့်မီအောင် မဖြည့်ဆည်း နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။

ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ကတော့ လက်ရှိ လျှပ်စစ်ထုတ်လုပ်ခြင်း ကို ရေအား သဘာဝဓာတ်ငွေ့ ကျေတ်မီးသွေး နဲ့ အခြားရင်းမြစ် တွေ စသည်တို့ ကိုမျှတစွာ ပါဝင် ထုတ်လုပ်မှသာ သက်သာပြီး အရည်သွေးကောင်းတဲ့လျှပ်စစ် ရနိုင်မယ်လို့ ဒီနေ့ပြည်သူလွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

အခုရပ်ဆိုင်းထားရတဲ့ ဇောင်းတူ ဖြူးချောင်းတို့ က ပဲခူးတိုင်းထဲက ဖြစ်ပြီး ရာဇဂြိုလ် ကတော့ စစ်ကိုင်းတိုင်းထဲ ကဖြစ်ကြပါတယ် မြစ်သာ မုန်းချောင်း ကတော့ မကွေးတိုင်းထဲကဖြစ်ပြီး တာပိန်ကတော့ ကချင်ပြည်နယ် ထဲကဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ခု ရေမရလို့ရပ်ဆိုင်းနေ ပြည်တွင်းရေအားလျှပ်စစ် စီမံကိန်း ၆ခု ရေမရလို့ရပ်ဆိုင်းနေ Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.