ရန်ကုန်တိုင်း ကျောက်တန်းတွင် ဖမ်းမိခဲ့သော ဘင်္ဂလီလှေစီးများကြောင့် ရဲအရာရှိတစ်ချို့နှင့် လ၀ကအရာရှိကြီးတစ်ချို့ထောင်ချ အလုပ်ထုတ်ခံရ


နိရဉ္စရာ၊ မေလ ၂၅/ ၂၀၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်အပိုင်၊ ကုလားတန်း ကျေးရွာအုပ်စု၊ သံတဲ ကျေးရွာ အနီး ရန်ကုန်မြစ်ဝတွင် စက်လှေ တစ်စီးမှ ဘင်္ဂလီ လူမျိုး ၁၀၂ ဦး ဖမ်းဆီးရမှုနှင့် ဆက်စပ်ပြီး ရဲအရာရှိတစ်ချို့ ထောင်ချခံခဲ့ရသလို လ၀က အရာရှိကြီး ဒါဇင်ဝက်ခန့်ကိုလည်း အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟု နိရဉ္စရာ သတင်းဌာမှ စုံစမ်း သိရှိရသည်။

ထောင်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူများမှာ စစ်တွေမြို့နယ် သဲချောင်းတွင် တာဝန်ကျနေခဲ့ကြသည့် ရဲတပ်ရင်းမှူး ဒုရဲမှူးကြီး အောင်ချမ်းမင်းကို ၂ နှစ်၊ ဒုရဲမှူးစိုးနိုင် တပ်ခွဲမှူးကို ၃ နှစ်၊ ရဲအုပ်ရဲအောင်ကို ၂ နှစ်နှင့် ရဲတပ်သား တစ်ဦး ၃ နှစ် အသီးသီး ချမှတ်ခဲ့ရသည်ဟု သိရသည်။

အလုပ်မှ ထုတ်ပယ်ခံခဲ့ကြရသည့် လ၀က အရာရှိကြီးများမှာ ဦးထိန်လင်း ( လ၀က ၁၄၂၅၄) လူဝင်မှု ကြီးကြပ်ရေးမှူး၊ ရေးမြို့နယ် ဦးစီးမှူးရုံး၊ မွန်ပြည်နယ်။ ဦးမြင့်အောင်ဆွေ (လ၀က ၇၈၅၈) လူဝင်မှု ကြီးကြပ်ရေး ဒုတိယဌာနခွဲ၊ (အပြည်ပြည်ဆိုင်ရာလေဆိပ်) မန္တလေးတိုင်းဒေသကြီး။ ဦးမြင့်ထွေး(လ၀က- ၁၄၂၄၈)၊ ရွှေပြည်သာမြို့နယ်ဦးစီးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီးရုံး။ ဦးစံလိုင်( လသက ၅၅၁၂) အိမ်မဲမြို့နယ် ဦးစီးမှူးရုံး၊ ဧရာဝတီတိုင်း ဒေသကြီး။ ဦးစိုင်းအိုက်အေး(လ၀က ၅၉၀၆) ဗန်းမော် မြို့နယ် ဦးစီးမှူးရုံး၊ ကချင်ပြည်နယ်နှင့် ဦးညီညီ (လ၀က ၅၁၉၁)၊ ၀မ်းတွင်းမြို့နယ်ဦးစီးမှူးရုံး၊ မန္တလေးတိုင်း ဒေသကြီးတို့ ဖြစ်ကြသည်။

၎င်းလ၀က အရာရှိကြီးများမှာ လုပ်သက် ၁၅ နှစ်အထက် ရှိသူများ ဖြစ်ကြပြီး ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က ထုတ်ပယ်ခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ လ၀က အရာရှိ တစ်ဦးက “ သဲချောင်းမှာ လ၀က ဆိုတာက နေ၀င်ရင် အပြင်ထွက်လို့ မရဘူး။ တာဝန်ရှိတယ်ဆိုပေမယ့် လက်နက်ကိုင်ဆောင်ခွင့်လည်း မရှိဘူး။ ဒီလို လှေစီးပြီး ခိုးထွက်တဲ့ ကိစ္စမှာလည်း ဘာမှ ပါဝင် ပတ်သက်မှု မရှိဘူး။ ဒါပေမယ့် အလုပ်ဖြုတ်ခံခဲ့ရပါတယ်” ဟု ပြောကြားသည်။

၎င်းအပြင် အရာရှိကြီများ အပြင် ကျန်အဆင့် လ၀က အရာရှိ ၂၄ ဦး ရာထူးတိုးရပ်ဆိုင်းခံခဲ့ရသည်။ ထိုအထဲတွင် လ၀က ရခိုင်ပြည်နယ်မှူး ဦးအောင်မင်း ၂ နှစ်ရပ်ဆိုင်း၊ ဒုညွှန်မှူး ဦးအောင်ကိုလတ် ရာထူးတိုး ၃ နှစ်ရပ်ဆိုင်း၊ ဒုလ၀ကမှူးနှင့် လက်ထောက်လ၀ကမှူးများကို ရာထူးတိုး ၂ နှစ်စီ ရပ်ဆိုင်းခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လ၀က ရခိုင်ပြည်နယ်မှူး ဦးအောင်မင်းသို့ဆက်သွယ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြောစရာ စကားမရှိဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ပြည်နယ်ရဲမှူးကြီး ကြည်လင်းသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

၂၀၁၈ ခုနှစ် မတ်လအတွင်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ရန်ကုန်မြစ်ဝ စက်လှေတစ်စီးပေါ်မှ ဘင်္ဂလီလူမျိုး ၁၀၂ ဦး (ကျား ၅၀၊ မ ၃၂ ဦး၊ ကလေး ၂၀) ကို စက်လှေကြီး တစ်စီးပေါ်မှ ဖမ်းဆီးမိခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးမိပြီးနောက် ၎င်းဒေသတွင် တာဝန်ကျနေသည့် ရဲအရာရှိများနှင့် လ၀က တာဝန်ရှိသူများအား နေပြည်တော် တာဝန်ရှိသူများမှ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

လ၀က အရာရှိကြီးများအား ထုတ်ပယ်ရာတွင် နိုင်ငံဝန်ထမ်း နည်းဥပဒေများ အပိုဒ်(၂၁၀) (ဈ)အရ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ဖော်ပြထာသည်။

Narinjara
https://www.facebook.com/Narinjara
ရန်ကုန်တိုင်း ကျောက်တန်းတွင် ဖမ်းမိခဲ့သော ဘင်္ဂလီလှေစီးများကြောင့် ရဲအရာရှိတစ်ချို့နှင့် လ၀ကအရာရှိကြီးတစ်ချို့ထောင်ချ အလုပ်ထုတ်ခံရ ရန်ကုန်တိုင်း ကျောက်တန်းတွင် ဖမ်းမိခဲ့သော ဘင်္ဂလီလှေစီးများကြောင့် ရဲအရာရှိတစ်ချို့နှင့် လ၀ကအရာရှိကြီးတစ်ချို့ထောင်ချ အလုပ်ထုတ်ခံရ Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.