ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ခုတ်သတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအားလုယူမှုဖြစ်ပွား


ရေတာရှည် မေ ၂၉
ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်း ဇီးပင်သာအမြန်လမ်းရဲစခန်း၊ ရွာသစ်နယ်မြေရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားဖြင့်ခုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့်လက်ကိုင် ဖုန်းတစ်လုံးကိုလုယက်ယူဆောင်သွားသောအမှုတစ်ခုဖြစ်ပွား ခဲ့သည်။

 ဇီးပင်သာအမြန်လမ်းရဲစခန်းသို့ မေ ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးမှ အမြန်လမ်းမကြီး မိုင်တိုင် ၁၅၂/၃ အနီး လမ်း၏ခြံစည်းရုံးအပြင်တွင် တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာ များဖြင့်လဲကျသေဆုံးနေကြောင်းသတင်းပေးပို့ခဲ့သဖြင့် ဇီးပင်သာအမြန်လမ်းရဲစခန်းမှ စခန်းမှူး ရဲအုပ် မင်းနိုင် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသည့်တပ်ဖွဲ့ဝင်မှာ ရွာသစ်ရဲကင်းတွင်တာဝန်ကျနေ သော ရဲတပ်သား အောင်စိုးဝေ ဖြစ်ပြီး ၎င်းတွင် ဝဲဘက်လည်ပင်း၌ ၄ လက်မခန့်ရှိ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသည်။

ထို့အပြင် ရဲတပ်သား အောင်စိုးဝေ စီးနင်းသည့် ၆၇ယ/----------- Alpha Wave အမျိုးအစားဆိုင်ကယ်နှင့်VIVO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးပါပျောက်ဆုံးလျက်ရှိ ကြောင်းတွေ့ရှိရ၍ ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်ပြီးပစ္စည်းလုယူသွားသူအား ဇီးပင်သာအမြန်လမ်း ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ခုတ်သတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအားလုယူမှုဖြစ်ပွား ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓားဖြင့်ခုတ်သတ်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအားလုယူမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.