အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ မေဒေးနေ့မှာ ချီတက်တောင်းဆို

အလုပ်သမားအရေးကိစ္စတွေမှာ အစိုးရနဲ့ လွှတ်တော်က အဓိက ဖြေရှင်းဆောင်ရွက်ပေးဖို့ မန္တလေးမြို့မှာ ၂၀၁၉၊ မေ ၁ ရက်နေ့က စုပေါင်းချီတက်တောင်းဆိုကြစဉ် /Photo: Khaymani Win/ RFA
အလုပ်သမားအရေးကိစ္စတွေမှာ အစိုးရနဲ့ လွှတ်တော်က အဓိက ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၁၅၀ ခန့် က ဒီနေ့ ကျရောက်တဲ့ မေဒေးနေ့ အလုပ်သမားနေ့မှာ မန္တလေးမြို့မှာ စုပေါင်းချီတက်တောင်းဆိုကြပါတယ်။

ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၁၅၀ ခန့်ဟာ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ လုပ်ခလစာကို တစ်နှစ်မှာ တစ်ကြိမ်သုံးသပ် ပြင်ဆင်ပေးဖို့၊ အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မန္တလေးမြို့ ကျန်စစ်သားလမ်း၊ လမ်း ၆၀ ထောင့်ကနေ အလုပ်သမားနေ့  အခမ်းအနားကျင်းပတဲ့ ဖိုးရာဇာလမ်းက ကနောင်ခန်းမအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က အလုပ်သမားတွေရဲ့ အခက်အခဲတွေကို အစိုးရက ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် အကြိမ်ကြိမ်တောင်းဆိုနေရတယ်လို့ ပြောပါတယ်။

အလုပ်သမားနေ့ အခမ်းအနားကို အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပတာဖြစ်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ဝန်ထမ်းဦးစီးဌာနက ၀န်ကြီး ဦးမျိုးသစ်က အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ခံစားခွင့်မရဘူးဆိုရင် အလုပ်သမားအဖွဲ့အစည်းတွေကတဆင့် တင်ပြခွင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အစိုးရက အလုပ်သမားအဖွဲ့အစည်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တွေ ဖွဲ့စည်းပေးနေပြီး အလုပ်သမားအဖွဲ့ချုပ်ကြီး ကိုးဖွဲ့၊ ပြည်နယ်နဲ့ တိုင်း အလုပ်သမားအဖွဲ့ပေါင်း ၂၃ ဖွဲ့၊ မြို့နယ် အလုပ်သမားအဖွဲ့ ၁၅၀ ဖွဲ့စည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုတွေ ပိုပြီး အသက်ဝင်လာပြီး အဲဒီဆွေးနွေးပွဲတွေကနေ အလုပ်သမားအရေးတွေကို ဖြေရှင်းဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။

အလုပ်သမားဥပဒေတွေ ရေးဆွဲတဲ့အခါ အလုပ်သမားတွေရဲ့ အသံတွေ ပါဝင်စေဖို့၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်နည်းဥပဒေကို အမြန်ပြန်လည်ပြင်ဆင်ဖို့၊ သမဂ္ဂအဖွဲ့တွေကို ဖြိုခွင်းနေတာတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ မေဒေးနေ့မှာ ချီတက်တောင်းဆို အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ မေဒေးနေ့မှာ ချီတက်တောင်းဆို Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.