မင်းတုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ငဖဲမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် သာသနိက အဆောက်အဦများ ပျက်စီး


၂၀ မေ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် မေ ၁၉ ရက် ညနေ ၄ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။



အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်တွင် လူနေအိမ် ၁၅ လုံး၊ ဂိုဒေါင် တစ်လုံး၊ ဓမ္မာရုံ တစ်ရုံ၊ အမှတ်(၃)ရပ်ကွက်တွင် လူနေအိမ် လေးလုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး အမှတ်(၄)ရပ်ကွက်တွင် စေတီတစ်ဆူ ထီးတော်မြေခ ခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ မေ ၁၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုကြောင့် ချဉ်ယုတ်ကွင်းကျေးရွာ အုပ်စုနှင့် ပွဲသာကျေးရွာအုပ်စုတို့တွင် နေအိမ်တစ်လုံးပြိုလဲခြင်း၊ မူလတန်းကျောင်း တစ်ကျောင်းနှင့် နေအိမ် ၃၃ လုံး အမိုးလန် ပျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၃၄ စုမှ မိသားစုဝင် ၁၁၇ ဦးတို့ လေဘေးသင့်ခဲ့ပြီး လေဘေးသင့်သူများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီနေရာချထားပေးပြီး နေအိမ်များ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း မေ ၁၉ ရက် ညနေပိုင်းက လေပြင်းထန်စွာ တိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်အတွင်း နေအိမ် ၁၃ လုံးအမိုးလန်ပျက်စီးခြင်း၊ ချောင်းဖြူကျေးရွာတွင် နေအိမ် ၁၄၂ လုံး၊ သရက်ပင်ကျေးရွာတွင် နေအိမ် ၈ လုံး၊ ထန်းကိုင်းကျေးရွာတွင် နေအိမ် ၃ လုံး၊ ပင်ဦးကျေးရွာတွင် စာသင်ဆောင် ၃ လုံး စုစုပေါင်း နေအိမ် ၁၆၉ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)၊ တင်မြင့်(နတ်တလင်း) ၊မယု(ငဖဲ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မင်းတုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ငဖဲမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် သာသနိက အဆောက်အဦများ ပျက်စီး မင်းတုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ငဖဲမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် သာသနိက အဆောက်အဦများ ပျက်စီး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.