ဆန္ဒပြ အောင်သပြေကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အောင်သပြေ ကျေးရွာသားတွေ ကန့်ကွက်ဆန္ဒပြတဲ့နေရာမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ ။ Photo: Khaymani Win/ RFA
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တရုတ်နည်းပညာနဲ့ ဆောက်လုပ်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြတဲ့ အောင်သပြေ ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့အကြား ဒီနေ့ မနက်က ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရွာသား သုံးဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

အောင်သပြေကျေးရွာသားတွေဟာ မနေ့ကတည်းက ကုမ္ပဏီယာဉ်တွေ ရွာလမ်းကို အသုံးမပြုနိုင်အောင် ပိတ်ဆို့ ဆန္ဒပြနေတာဖြစ်ပြီး ဒီနေ့ မနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့က ဆန္ဒပြရွာသားတွေကို ရာဘာကျည်နဲ့ ပစ်ဖောက် လူစုခွဲခဲ့တာဖြစ်ပါတယ်။ ရာဘာကျည်ထိမှန်ခဲ့သူ ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

ရွာသား သုံးဦး ဖမ်းဆီးခံလိုက်ရပြီးနောက် ဆန္ဒပြရွာသားတွေဟာ ဘိလပ်မြေစက်ရုံဝန်းအတွင်းက ကား လေးစီးလောက်နဲ့ စက်ရုံပိုင် အခြားပစ္စည်းတွေကို မီးရှို့ခဲ့ကြပါတယ်။

ဒီနေ့ မနက်က ဆန္ဒပြရွာသားတွေကို အင်အားသုံးပြီး ရာဘာကျည်နဲ့ ပစ်ဖောက်လူစုခွဲခဲ့တာနဲ့ ပတ်သက်လို့ အမှတ် ၃ လုံခြုံရေးရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ၀င်းဗိုလ် က ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ အဆင့်တိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခုလို ကိုင်တွယ်ဖြေရှင်းတာဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလာလုပ်သူကို ကာကွယ်ပေးတာဖြစ်တယ်လို့လည်း ရဲမှူးချုပ် ၀င်းဗိုလ်က ပြောပါတယ်။

ရွာသား သုံးဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြသူတွေက ပြောပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ဖမ်းဆီးထားတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးလို့ ဆိုပါတယ်။

အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပြီး အရင် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လမှာ တိုင်းအစိုးရက လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

ပန္နက်တင်အခမ်းအနားကိုတော့ NLD အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့ရာ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါတယ်။

ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်ကို ကန့်ကွက်စာတွေ ပေးပို့ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဆန္ဒပြတာတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို အောင်သပြေကျေးရွာနဲ့ ကပ်လျက်မှာ တည်ဆောက်ထားတာကြောင့် ဒေသခံရွာသားတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

ဆန္ဒပြရွာသား ၁၀၀ ခန့်ဟာ မနေ့ကတည်းက ရွာလမ်းကို ကုမ္ပဏီယာဉ်တွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့ ဆန္ဒပြနေတာဖြစ်ပြီး ဒီနေ့ မနက်အစောပိုင်းမှာ ခန့်မှန်း ရဲတပ်ဖွဲ့ဝင်အင်အား တစ်ရာကျော်ဟာ ဆန္ဒပြရွာသားတွေကို ရာဘာကျည်နဲ့ ပစ်ဖောက်လူစုခွဲခဲ့ပါတယ်။

အဲဒီလို လူစုခွဲအပြီးမှာတော့ ရွာသားတွေက ဘိလပ်မြေစက်ရုံဝင်းအတွင်းက ကား လေးစီးလောက်နဲ့ စက်ရုံပိုင် အခြားပစ္စည်းတွေကို မီးရှို့ခဲ့ကြပါတယ်။

ဒီကနေ့ မနက်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ အောင်သပြေကျေးရွာ က  မခင်နွဲ့ က အခုလိုပြောပါတယ်။

"ကျောက်မီးသွေးစက်ရုံသုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းကို အပြီးအပိုင် ဖျက်သိမ်းပေးပါ။ ဒီကုမ္ပဏီကို လုံးလုံး မလိုလားဘူး။ ကျောက်မီးသွေးရဲ့ ဆိုးကျိုးကိုလည်း ကျမတို့သိပါတယ်။  တားခဲ့တာလည်း အကြိမ်ကြိမ်ရှိပါပြီ။ ဘယ်အစိုးရ၊ ဘယ်တိုင်းဒေသကြီးကမှ ညှိနှိုင်းမှု ဘာမှမလုပ်ခဲ့ပါဘူး။ မနက်ကဆို ရဲအင်အား အလုံးအရင်းနဲ့ တက်လာတယ်။ ဖြိုခွင်းတယ်။ ဖြစ်ချင်တာကို တောင်းဆိုတယ် မရဘူး။ ကျမတို့ ကန့်ကွက်နေတာ သုံးနှစ်ရှိပါပြီ"

အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပြီး အရင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လမှာ တိုင်းအစိုးရက လုပ်ပိုင်ခွင့်ပေးခဲ့တာလို့ သိရပါတယ်။

လက်ရှိ NLD အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလမှာတော့ ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ရာမှာ တိုင်းလွှတ်တော် ဥက္ကဋ္ဌ တက်ရောက်ခဲ့ပါတယ်။

ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဆင့်ဆင့်ကို ကန့်ကွက်စာတွေ ပေးပို့ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဆန္ဒပြတာတွေ ရှိလာခဲ့ပါတယ်။

လူထုလက်သင့်မခံတဲ့ကိစ္စကို လူထုနဲ့ သေချာဆွေးနွေးစေချင်တယ်လို့ အောင်သပြေကျေးရွာ က ကိုကျော်မျိုးဦး က ပြောပါတယ်။

"လူထုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ မျက်ရည်ယိုဗုံးတွေ ခွဲတယ်။ ရာဘာကျည်နဲ့ ပစ်တယ်။  ဒါနဲ့ပတ်သက်ပြီး စာ အကြိမ်ကြိမ်တင်ပြီး တောင်းဆိုခဲ့ပါတယ်။ ပြည်သူနဲ့ထိပ်တိုက်တွေ့ဆုံပြီး အကောင်အထည်ဖော်သင့်တယ်လို့ ပြောချင်ပါတယ်"

ပဋိပက္ခဖြစ်စဉ်မှာ ဒဏ်ရာရှိခဲ့တဲ့ အောင်သပြေကျေးရွာက ကိုရန်မျိုး က အခုလိုပြောပါတယ်။

"ငှက်ပျောခြံထဲကနေ ပြန်အဆုတ်ကို ရင်ဘက်တည့်တည့် ဝင်မှန်တာ။ အချက်ပေါင်းကတော့ အများကြီးပဲ၊ မရေနိုင်အောင်ပြစ်တာ။ အောင်သပြေကို ကွင်းဆင်းပြီး ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဒီစီမံကိန်းကြီး ဖျက်သိမ်းပေးပါလို့"

ဒီနေ့မနက်က ဆန္ဒပြရွာသားတွေကို အင်အားသုံးပြီး ရာဘာကျည်နဲ့ ပစ်ဖောက် လူစုခွဲခဲ့တာနဲ့ ပတ်သက်လို့ အမှတ် ၃ လုံခြုံရေးရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ၀င်းဗိုလ် က RFA ကို အခုလိုပြောပါတယ်။

"နိုင်ငံတော်က ဦးဆောင်လုပ်ထားတဲ့ ယန္တရားတွေ၊ ဒါတွေ အပျက်ခံလို့မရဘူး။ အဲမှာလုပ်နေတဲ့ တရုတ်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ် ၊ အမေရိကန်ပဲဖြစ်ဖြစ် သူသည် ရာဇ၀တ်မှုကျူးလွန်ရင်တော့ အရေးယူမှာပဲ။ တရုတ်နိုင်ငံသားကို ကာကွယ်တာမဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံတော်ကို စီးပွားရေးလာလုပ်တဲ့သူကို ကာကွယ်ရမှာ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ အားလုံးကိုကာကွယ်ရမယ်။ ဘယ်သူ့ကိုမှ ပုံသေကာကွယ်ရမှာမဟုတ်ဘူး"

အဲဒီလို ကိုင်တွယ်ဖြေရှင်းတာဟာလည်း ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ အဆင့်တိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ရဲမှူးချုပ် ၀င်းဗိုလ် က ပြောပါတယ်။

ရွာသား သုံးဦး ဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြသူတွေက ပြောပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ဖမ်းဆီးထားတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ရွာသားတွေကို ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ မီးရှို့တာတွေနဲ့ပတ်သက်လို့လည်း ဥပဒေအရ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

ဒီစီမံကိန်းကို ကန့်ကွက်မှုကြောင့် ရွာသူ ရွာသား ၁၀ ဦးခန့်ဟာ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပြီး အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
ဆန္ဒပြ အောင်သပြေကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ် ဆန္ဒပြ အောင်သပြေကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ် Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.