လက္ကာကျေးရွာသား ၂၄ ဦးကို ချုပ်ရမန်ယူပြီး ဆက်လက်ဖမ်းဆီး

မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို ၂၀၁၉၊ မေ ၁၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက AA နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့သူ ၂၄ ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၂(က) တို့နဲ့ မနေ့က ချုပ်ရမန်ထပ်ယူပြီး ဆက်လက် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

တပ်မတော်ကစစ်ဆေးစဉ်မှာ လိုချင်တဲ့ပုံစံအတိုင်း ပြောရကြောင်း၊ အဲဒီလိုမပြောရင် ရိုက်နှက်တာတွေ၊ အမျိုးမျိုးနှိပ်စက်တာတွေရှိသလို သံတုတ်တွေနဲ့ပါ ရိုက်နှက်ကြောင်း မနေ့ကရုံးထုတ်ချိန်မှာ ဖမ်းဆီးခံထားရသူတွေက သတင်းထောက်တွေကို ပြောဆိုခဲ့ကြပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖမ်းဆီးခံထားရသူတွေကို တပ်မတော်က စစ်ဆေးပြီးနောက်မှာ ရဲတပ်ဖွဲ့တွေကို လွှဲပြောင်းစစ်ဆေးတာတွေ ရှိခဲ့တာကြောင့် ဖမ်းဆီးခံထားရချိန်အတွင်း ညှင်းပန်းနှိပ်စက်တာတွေ ရှိ၊ မရှိကို အတိအကျ မပြောဆိုနိုင်ကြောင်းနဲ့ တပ်မတော်က ဖမ်းဆီးထားစဉ်မှာ ဥပဒေအတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်ရာမှာတော့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက ဧပြီလ ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းတို့နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဖမ်းဆီးထားသူ ၂၄ ဦးထဲက နှစ်ဦးကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် အခုအချိန် သုံးပတ်လောက်ကြာလာတဲ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။

ဧပြီလ ၁၀ ရက်နေ့က လက္ကာကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းမှာရှိနေတဲ့ လူ ၂၇ ဦးကို တပ်မတော်ကဖမ်းဆီးပြီး စစ်တွေတပ်နယ်မှာ စစ်ကြောရေးတွေ လုပ်ဆောင်ခဲ့တာပါ။

တပ်မတော်က ဖမ်းဆီးထားချိန်အတွင်း လူ သုံးဦးသေဆုံးခဲ့ပြီး အဲဒီအထဲက အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းဟာ နှလုံးအမောဖောက်ပြီး သေဆုံးသွားကြောင်း၊ အသက် ၄၀ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဟာ ကြိုးဆွဲချ သေဆုံးသွားကြောင်း၊ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းနုဟာ ယခင်မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း စသဖြင့် တပ်မတော်က ထုတ်ပြန်ပြော ဆိုထားတာဖြစ်ပါတယ်။

မူယစ်ဆေးဝါးသုံးစွဲတာကြောင့် သေဆုံးသွားတယ်ဆိုတဲ့ ဦးမောင်သင်းနု ဟာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်တောင်မသောက်တဲ့သူဖြစ်တာကြောင့် တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို နားမလည်အောင်ဖြစ်ရကြောင်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုထားပါတယ်။

ဖမ်းဆီးထားသူတွေကို မနေ့က ရုံးထုတ် ရမန်ယူပြီးနောက် မေလ ၃၁ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်။

RFA Burmese
https://www.rfa.org
လက္ကာကျေးရွာသား ၂၄ ဦးကို ချုပ်ရမန်ယူပြီး ဆက်လက်ဖမ်းဆီး လက္ကာကျေးရွာသား ၂၄ ဦးကို ချုပ်ရမန်ယူပြီး ဆက်လက်ဖမ်းဆီး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.