ငါးရှာနေစဉ် နဂရာကျေးရွာသားများကို ဖမ်းဆီးရိုက်နက်မှုဖြစ်ပွား


နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉

မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ကုလားတန်မြစ်အတွင်း ငါးရှာသွားသည့် ကျောက်တော်မြို့နယ် နဂါရာကျေးရွာမှ ရွာသား ၉ ဦးကို စစ်ကြောင်း တစ်ခုမှ စစ်ဆေးစဉ် ရိုက်နက်မှုများပြုလုပ်ခဲ့သဖြင့် ရွာသား တစ်ချို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးစစ်ဆေးခံရသည့် နဂါရာ ကျေးရွာသား ဦးတင်အေးသိန်းက “ မနေ့မနက်က ကျနော်တို့ ရွာရဲ့ အရှေ့ဘက် ကုလားတန် မြစ်အတွင်း ငါးရှာနေတာပါ။ ငါးရှာနေတဲ့ အချိန်မှာ စစ်တပ်က ရောက်လာပြီး AA ဟုတ် မဟုတ် စစ်ဆေးပါတယ်။ ကျနော်တို့ကလည်း ရိုးရိုးသားသား ငါးရှာစားနေကြတာပါလို့ပြောပါတယ်။ AA မဟုတ်ဘူးလို့ပြောပါတယ်။ လက်တွေကို ဖြန့်ပြရတယ်။ သေနတ်ပစ်လို့ လက်မှာအသားမာတွေ ရှိ/ မရှိစစ်ဆေးတာထင်ပါတယ်။ ရိုက်နက်တာ တစ်ချို့လည်း ရှိပါတယ်။ တစ်ချို့ ဦးခေါင်းမှာ ပေါက်ပြဲ ဒဏ်ရာရတာတွေလည်းရှိပါတယ်” ဟု ပြောကြားသည်။

ငါးဖမ်းရာ အဖွဲ့ထဲမှ လူကြီး ၂ယောက်ကို ရွာပြန်လွတ်ပြီး အုပ်ချုပ်ရေးမှူးခေါ်ခိုင်းကာ သူနှင့် အတူ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း ယူခိုင်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွတ်ပေးလိုက်သည်ဟု ပြောဆိုသည်။

နဂရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းစိန်အောင်က “ သူတို့ စက်တပ်ဟွန်ဒါလှေနဲ့ ငါးရှာဖို့ သွားကြပါတယ်။ ဒါကို စစ်တပ်က ကမ်းကနေ လှမ်းခေါ်တော့ စက်သံဆူနေတော့ မကြားဘူး။ နောက်သေနတ်နဲ့ ပစ်ခေါ်မှ ကြားတော့ ကမ်းကို ကပ်တယ်။ စစ်တပ်က သူတို့ကို အားမနာလုပ်တယ်ဆိုပြီး ရိုက်တာပါ။ နှစ်ယောက် ဒဏ်ရာရပါတယ်” ဟု ပြောကြားသည်။

ဦးတင်အေးသိန်းတွင် ဦးခေါင်းနှင့် လက်နက်ဖက်တွင် ဒဏ်ရာရရှိခဲ့ပြီး မောင်အောင်သန်းတွင် မျက်လုံးတွင် အနည်းငယ် ဒဏ်ရာရရှိခဲ့ဟု ၎င်းက ပြောကြာသည်။

“ ကျွန်တော်ရောက်သွားတော့ ရွာသားတွေ ဖြစ်ကြောင်း ကျွန်တော်က အာမခံတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းတွေပြပြီးမှ နေ့လယ် ၁၂ နာရီကျော်မှာ ပြန်လွတ်လိုက်ပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးစစ်ဆေးခံရသူများမှာ နဂရာကျေးရွာမှ ဦး ဦးမောင်သာ၊ ဦးလှစိန်အောင်၊ ဦးဇော်ဇော်မောင်၊ ဦး တင်အေးသိန်း၊ ဦး မောင်အောင်သန်း၊ဦး မောင်လူကြီး၊ဦး အောင်သိန်းထွန်း၊ ဦးသန်းချေ နှင့် ဦးမောင်သန်းမြင့် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ငါးရှာနေစဉ် နဂရာကျေးရွာသားများကို ဖမ်းဆီးရိုက်နက်မှုဖြစ်ပွား ငါးရှာနေစဉ် နဂရာကျေးရွာသားများကို ဖမ်းဆီးရိုက်နက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.