ထိုင်းဘုရင်သစ်က သူနဲ့ အကြာကြီး တွဲလာခဲ့တဲ့ ကိုယ်ရံတော် အမျိုးသမီးနဲ့ လက်ထပ်လိုက်

မိဖုရား အသစ်ချပ်ချွတ် ဆုသီဒါရဲ့ ခေါင်းပေါ်ကို ဘုရင်မင်းမြတ် ရေစင်သွန်းလောင်းပေးခဲ့
ထိုင်းဘုရင်သစ် မဟာဝချီရာ လောင်ကွန်ဟာ သူနဲ့ အချိန်အကြာကြီး တွဲခဲ့တဲ့ ကိုယ်ရံတော် အမျိုးသမီးနဲ့ လက်ထပ်လိုက်ပြီး မိဖုရားဘွဲ့ အပ်နှင်းလိုက်တယ်လို့ ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လာမယ့် စနေနေ့မှာ ကျင်းပမယ့် နန်းတက်ပွဲ မတိုင်ခင် ၃ ရက်အလိုမှာပဲ ဘုရင် မဟာဝချီရာ လောင်ကွန်ရဲ့ မင်္ဂလာသတင်း ရုတ်တရက် ထွက်ပေါ်လာတာပါ။

သက်တော် ၆၆ နှစ် အရွယ် ဘုရင် မဟာဝချီရာလောင်ကွန်ဟာ တိုင်းသူပြည်သားတွေ ရိုသေ ချစ်မြတ်နိုးကြတဲ့ ခမည်းတော် ဘုရင်ကြီး ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံသွားခဲ့အပြီး ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘုရင်အရိုက်အရာ ဆက်ခံခဲ့ပါတယ်။

သူ့ရဲ့ ဗိုလ်ချုပ်ကြီး ဆုသီဒါ ဝချီရာလောင်ကွန် န အယုဒ္ဓယ ကို မိဖုရားအရာ အပ်နှင်းဖို့ ဘုရင် မဟာဝချီရာလောင်ကွန်က ဆုံးဖြတ်လိုက်ကြောင်းနဲ့ မိဖုရား ဆုသီဒါဟာ တော်ဝင်ဘုရင့်မိသားစုဝင်အဖြစ် တော်ဝင်မိဖုရားဘွဲ့နဲ့ အဆောင်အယောင်တွေ ခံယူမှာ ဖြစ်ကြောင်း ဘုရင့်နန်းတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိဖုရား ဆုသီဒါဟာ ဘုရင် မဟာဝချီရာလောင်ကွန်နဲ့ နှစ်ရှည်လများ တွဲနေသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တရားဝင် အသိအမှတ်ပြုတာမျိုး အရင်က မရှိခဲ့ပေမယ့် သူတို့ နှစ်ဦးကို လူမြင်ကွင်းမှာ အတူ ယှဉ်တွဲ တွေ့နေတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။
မိဖုရား ဆုသီဒါကို ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်ရာထူး ပေးအပ်ခဲ့
ဘုရင် မဟာဝချီရာလောင်ကွန်ရဲ့ မင်္ဂလာပွဲ အခမ်းအနား ပုံတွေကို မေလ ၁ ရက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ထိုင်းရုပ်မြင်သံကြားမှာ ထုတ်လွှင့် ပြသခဲ့ပြီး ထိုင်းတော်ဝင် မိသားစုဝင်တွေနဲ့ နန်းတွင်း အကြံပေးတွေ တက်ရောက်ကြတာ တွေ့ရပါတယ်။

ပုံတစ်ခုမှာ ဆိုရင် မိဖုရား ဆုသီဒါရဲ့ ခေါင်းပေါ်ကို ဘုရင်မင်းမြတ်က ရေစင် သွန်းလောင်းပေးနေတာ တွေ့ရပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး မင်္ဂလာစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထိုင်းအဲယားဝေး လေကြောင်း လေယာဉ်မယ်ဟောင်း တစ်ဦးဖြစ်သူ ဆုသီဒါ တစ်ဂျိုင် ကို ဘုရင် မဟာဝချီရာလောင်ကွန်က ၂၀၁၄ ခုနှစ်တုန်းက သူ့ရဲ့ ကိုယ်ရံတော် တပ်ဖွဲ့မှာ လက်ထောက်တပ်မှူးအဖြစ် ဗိုလ်ချုပ်ရာထူး ပေးအပ်ခဲ့ပါတယ်။

တိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကြာ အုပ်ချုပ်ခဲ့တဲ့ သူ့ခမည်းတော် ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် ဟာ ၂၀၁၆ ခုနှစ် နတ်ရွာစံခဲ့ပြီး ကမ္ဘာပေါ်မှာ နန်းသက်အကြာဆုံး ဘုရင် ဖြစ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ထိုင်းဘုရင်သစ်က သူနဲ့ အကြာကြီး တွဲလာခဲ့တဲ့ ကိုယ်ရံတော် အမျိုးသမီးနဲ့ လက်ထပ်လိုက် ထိုင်းဘုရင်သစ်က သူနဲ့ အကြာကြီး တွဲလာခဲ့တဲ့ ကိုယ်ရံတော် အမျိုးသမီးနဲ့ လက်ထပ်လိုက် Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.