![]() |
ဘုရားကျောင်းကြီးရဲ့ ပင်မမျှော်စင်ကြီးဟာ မီးဒဏ်ကြောင့်ပြိုကျသွားပြီ ဖြစ် |
အထူးသဖြစ် ဘုရားရှိခိုးကျောင်းရဲ့ ခေါင်ပိုင်းဆောင် ပြိုကျခဲ့ပြီး ဘုရားကျောင်းထဲက အဖိုးမဖြတ်နိုင်တဲ့ အနုပညာလက်ရာတွေကို သယ်ထုတ်ထိန်းသိမ်းနိုင်ဖို့ မီးသတ်သမားတွေဟာ ညလုံးပေါက် အကြိတ်အနယ် ကြိုးစားငြှိမ်းသတ်နေကြပါတယ်။
ဝတ်ပြုကျောင်းအရှေ့ဘက်က မျှော်စင် ၂ ခုကိုတော့ မီးမကူးတော့ဘူးဆိုပေမယ့် လူအများကတော့ မီးလျှံတွေဟာ အတွင်းပိုင်းကို ကူးစက်ခဲ့ရင် အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာလက်ရာတွေ ပျက်စီးကုန်မှာကို စိုးရိမ်နေကြပါတယ်။
မီးသတ်သမားတွေဟာ ကြိုးစားပမ်းစားငြိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမယ့် မီးတောက်ကို မနိုင်ပဲ ဖြစ်နေခဲ့ပြီး မီးသတ်သမား တစ်ယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။
အခုတော့ နှစ်ပေါင်း ၈၀၀ ကျော် အဆောက်အအုံကြီးရဲ့ အဓိက ကျောက်ဆောင်ကျောက်ခဲ အုတ်မြစ်ကို ထိန်းသိမ်းနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
![]() |
မီးအကြီးအကျယ် လောင်နေတဲ့ ပြင်သစ် Notre Dame ဝတ်ပြုကျောင်းကြီး |
မီးလောင်မှု မဖြစ်ခင် ရက်ပိုင်းက ဘုရားကျောင်းထဲက ရုပ်တုတွေကို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေခဲ့တာပါ။ အခု မီးကလည်း အဲဒီ ပြုပြင်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ပြင်သစ်အရာရှိတချို့က ပြောပါတယ်။
မီးလောင်နေတဲ့ ဘုရားကျောင်းကြီးနားမှာတော့ ပြင်သစ်ပြည်သူ အများအပြား လာရောက်စုဝေးကြည့်ရှုခဲ့ကြပြီး တော်တော်များများကလည်း ဝမ်းနည်းပက်လက် ငိုယိုနေခဲ့ကြပါတယ်။
![]() |
မီးအကြီးအကျယ် လောင်နေတဲ့ ပြင်သစ် Notre Dame ဝတ်ပြုကျောင်းကြီး |
'ပဲရစ်မှာ Notre Dame ဝတ်ကျောင်းတော်ကြီး မီးလောင်ခံရတာဟာ အင်မတန် ကြေကွဲစရာပါ၊ မီးသတ်သမား ၅၀၀ ကျော်ဟာ မီးငြှိမ်းသတ်နိုင်အောင် ကြိုးပမ်းခဲ့ကြတာကိုလည်း အင်မတန် ကျေးဇူးတင်ပါတယ်၊ ဒီမီးကို နောက်ထပ် နာရီပေါင်းများစွာ ငြှိမ်းသတ်ရဦးမှာပါ' လို့ သမ္မတ မက်ခရွန်းက ပြောပါတယ်။
သန်းနဲ့ချီတဲ့ ပြည်ပခရီးသွားတွေဟာ နှစ်စဉ်လို Notre Dame ဝတ်ကျောင်းတော်ကြီးကို လာရောက်ကြည့်ရှုလေ့လာရခြင်းကလည်း စာရေးဆရာကြီး Victor Hugo ရဲ့ နာမည်ကျော် The Hunchback of Notre-Dame ဝတ္တုကြီးနဲ့ အသွင်ပြောင်းရုပ်ရှင်ကို စွဲလမ်းနေဆဲမို့လည်း ဖြစ်ပါတယ်။
![]() |
ညလုံးပေါက် အကြိတ်အနယ် ကြိုးစားငြှိမ်းသတ်ခဲ့ရ |
အမေရိကန်သမ္မတ ထရမ့်ကတော့ မီးလောင်နေတဲ့ မြင်ကွင်းဟာ မကြည့်ရက်စရာ လို့ ပြောပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်ကလည်း ပြင်သစ်ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြောပြီး Notre Dame ဘုရားကျောင်းကြီးဟာ ပြင်သစ်နဲ့ ဥရောပ ယဉ်ကျေးမှုရဲ့ သင်္ကေတပြယုဂ်ကြီးတစ်ခုပါပဲလို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေး UNESCO ကတော့ Notre-Dame ဝတ်ကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ထိန်းသိမ်းပြုပြင်တဲ့အပိုင်းမှာ ပြင်သစ်နိုင်ငံနဲ့ ပူးပေါင်းမယ့် အကြောင်း ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
၁၂ ရာစုကတည်းက တည်ရှိခဲ့တဲ့ ပြင်သစ် Notre Dame ဝတ်ပြုကျောင်းကြီး မီးအကြီးအကျယ် လောင်နေ
Reviewed by THITHTOOLWIN
on
17:44
Rating:
