Facebook Messenger တစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုပြီး လူသတ်မှုကျူးလွန်ခဲ့သူများအား ရဲတပ်ဖွဲ့ဝင် များကဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းနှင့် (၈၆)လမ်းကြားရှိ ရွှေတစ်ချောင်းတံတားပေါ်၌မတ်လ၂၃ ရက်နေ့ ည ၉ နာရီအချိန်တွင်လူတစ်ဦးထိုးသွင်းဒဏ်ရာများဖြင့် လဲကျနေကြောင်းသတင်းအရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာအဆိုပါတံတားပေါ်၌ ၆၀ယ/×××× Scoopyiအပြာရောင်ဆိုင်ကယ်(၁)စီးနှင့် အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦးအားထိုးသွင်းဒဏ်ရာများရရှိကာလဲကျနေသည်ကိုတွေ့ရှိရ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ပြီးသေဆုံးသူမှာမျိုးမျိုး(ခ)မျိုးမင်းဦးဖြစ်ကြောင်းသိရှိရသဖြင့် မြို့မရဲစခန်း (ပ)၁၈၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာသေဆုံးသူမျိုးမျိုး(ခ) မျိုးမင်းဦး ၏ လက်ကိုင်ဖုန်းရှိ Facebook Messenger ၌ SharrWanaအကောင့်ဖြင့် လူငယ်တစ်ဦးနှင့် တွေ့ဆုံရန် ချိန်းဆိုထားပြီး ၀၉/××××××××× ဖုန်းနံပါတ်အားဆက်သွယ်ရန်ရေးသားထားသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့်အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးအားအဆိုပါလက်ကိုင်ဖုန်းသို့မှားယွင်းဆက်မိချင်ဟန်ဆောင်၍ ဆက်သွယ်ချိန်းဆိုစေခဲ့ရာဖုန်းပိုင်ရှင်မှ ညနေ(၅)နာရီအချိန် မဟာမုနိဘုရားကြီးပန်းခြံတွင် လာရောက်တွေ့ဆုံမည်ဟုပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကသွားရောက်စောင့်ဆိုင်းနေစဉ် ၎င်းမှ (၄၁)လမ်း၊ သားရေစက်ရုံရှေ့တွင် ဆိုင်ကယ်ဆီပြတ်နေ၍လာရောက်ရန်ဖုန်းဖြင့် ထပ်မံဆက်သွယ်ပြောဆိုလာသောကြောင့် သွားရောက်ဖမ်းဆီးခဲ့ရာဖုန်းပိုင်ရှင်ဖြစ်သူမဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်နေသီဟအောင်(၁၅)နှစ်နှင့် တစ်ရပ်ကွက်တည်းနေခွန်းဆက်မျိုးအောင်(ခ)နောင်နောင်(၁၄)နှစ်တို့(၂)ဦးအားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရအခင်းဖြစ်နေ့ ည ၆ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်၌ တစ်ရပ်ကွက်တည်းနေညီညီလွင် (၁၅)နှစ်၊ ဝေလင်းဦး(စိစစ်ဆဲ)နှင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်(၁၉)နှစ်တို့(၃)ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် မှ “ငါတို့ငွေလိုနေတယ်၊ မင်းတို့ လိုင်းပေါ်မှာတွေ့ထားတဲ့သူရှိရင် ချိန်းလိုက်၊ ငါတို့ဝင်လုမယ်ဟု” ပြောဆိုခဲ့သဖြင့် သီဟအောင်နှင့် ခွန်းဆက်မျိုးအောင် (ခ)နောင်နောင်တို့ကမျိုးမျိုး(ခ)မျိုးမင်းဦးအား Facebook Messenger မှ တစ်ဆင့်မနော်ရမ္မံဥယျာဉ်အနောက်ပေါက်၌တွေ့ဆုံရန်ချိန်းဆိုခဲ့ပြီး ၎င်းနေရာသို့ ရောက်ရှိစဉ် လူများနေသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်မှ တမ္ပဝတီရပ်ကွက်၊စန္ဒာမုနိဘုရားလမ်းကြားသို့ ခေါ်ဆောင်လာရန်နှင့်ညီညီလွင်၊ ဝေလင်းဦးတို့(၂)ဦးနှင့်အတူစောင့်ဆိုင်းနေမည်ဖြစ်ကြောင်းပြောဆိုခဲ့ရာ ၎င်းတို့(၂)ဦးမှ ရုပ်ဆိုးဆိုင်ကယ်ဖြင့် လည်းကောင်း၊ မျိုးမျိုး(ခ)မျိုးမင်းဦး မှ Scoopyiဆိုင်ကယ် ဖြင့်လည်းကောင်းအဆိုပါနေရာသို့ သွားရောက်ခဲ့ပြီးစကားပြောခဲ့ကြောင်း၊ ထို့နောက်အသင့်စောင့်ဆိုင်းနေသည့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်နှင့် ဝေလင်းဦးတို့ရောက်ရှိလာပြီးမျိုးမျိုး(ခ)မျိုးမင်းဦး၏လက်ကိုင်ဖုန်းကိုတောင်းယူစဉ် ၎င်းမှ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် က အသင့်ပါလာသောဓားမြှောင်ဖြင့် မျိုးမျိုး(ခ)မျိုးမင်းဦးအားထိုးခဲ့ပြီးလူစုခွဲကာနေအိမ်သို့ ပြန်ခဲ့ကြောင်းသိရှိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရရဲတပ်ဖွဲ့ဝင်များကအမှုမှ ကျန်တရားခံများသွားရောက်ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ညီညီလွင် ကိုနေပူရွာရပ်ကွက်လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပြီးဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်နှင့် ဝေလင်းဦးတို့(၂)ဦးအားဖမ်းဆီးရမိရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Facebook Messenger တစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုပြီး လူသတ်မှုကျူးလွန်ခဲ့သူများအား ရဲတပ်ဖွဲ့ဝင် များကဖော်ထုတ်ဖမ်းဆီးရမိ Facebook Messenger တစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုပြီး လူသတ်မှုကျူးလွန်ခဲ့သူများအား ရဲတပ်ဖွဲ့ဝင် များကဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.