![]() |
ရုတ်တရက်ကျွံကျလာတဲ့နွံတွေကြောင့် လူတွေရောကားတွေပါ နစ်မြုပ်ခဲ့ |
ပြိုကျသွားတဲ့နွံကန်မှာ နဂါးကိုးကောင်ကုမ္ပဏီရဲ့ နွံကန်ဟောင်းဖြစ်ပြီး နွံကန်ပြိုကျမှုကြောင့် နဂါးကိုးကောင် ကုမ္ပဏီက ဝန်ထမ်းတွေအပြင် ဆက်စပ်နေတဲ့ မြန်မာသူရကုမ္ပဏီက ဝန်ထမ်းတွေလည်းပါသွားတယ် လို့ သိရပါတယ်။
' 'ကနဦး သတင်းပေးပို့ချက်အရတော့ နဂါးကိုးကောင်က ဝန်ထမ်းက ၂၆ဦး၊ မြန်မာသူရက လုပ်သားဝန်ထမ်းက ၂၈ဦးပါသွားတယ်၊ ဘက်ဟိုးယာဉ်က ၁၆ စီး၊ မြေသယ်ယာဉ်က ၁၉စီး၊ အဲဒါတွေက နွံတွေအောက်မှာ ပျောက်ဆုံးနစ်မြုပ်နေတဲ့စာရင်းပါ။ အခုကတော့ မြို့နယ်ထွေအုပ်ရော စခန်းမှူးတွေရောအဖွဲ့ဖွဲ့ပြီး ကွင်းဆင်း နေတယ်၊ ဆယ်ယူရေးတွေလုပ်နေတုန်းဖြစ်ပါတယ်။''လို့ ရဲမှူးကြီးလွင်မောင်သိန်းက ဘီဘီစီကိုပြောပါ တယ်။
![]() |
ညအချိန်ဖြစ်ပွားခဲ့တာကြောင့် ညဆိုင်းအလုပ်သမားတွေအများစု ပါသွားခဲ့ |
' ' ဖြစ်တာက ည ၁၁ ခွဲလောက်မှာဆိုတော့ လူတွေသိပ်မသိလိုက်ဘူး၊ သိသိချင်း ကျွန်မတို့သွားကြည့်တော့ အဲဒီအချိန်က ဒေသခံရေမဆေးသမားတွေလည်းမရှိတော့ဘူး၊ ညဆိုင်းဆင်းတဲ့ ကုမ္ပဏီဘက်ဟိုးမောင်းတဲ့ သူတွေ ယာဉ်မောင်းတွေ အဓိက ကုမ္ပဏီက ဝန်ထမ်းတွေပဲ ရှိတော့တာ၊ ဒီမှော်က ရွာ ၃ ရွာကြားမှာဖြစ်တာ ဆိုတော့ ဒီရွာတွေကလူတွေရော အုပ်ချုပ်ရေးပိုင်းတွေရော အားလုံးက ကယ်ဆယ်ရေးတွေလုပ်နေကြ တာတွေ့ရပါတယ်'' လက်ရှိအခြေအနေကို ဗလခမှော်အနီးရှိမှော်ဝမ်းကလေးကျေးရွာမှာနေထိုင်တဲ့ ဒေါ်ဒါရှီ နမ်ဘောက်က ပြောပါတယ်။
နွံကန်အောက်ထဲရောက်နေတဲ့ လူတွေနဲ့ ယာဉ်တွေကို ဆယ်ယူရေးတွေလုပ်နေပေမယ့်လည်း ဧပြီ ၂၃ ရက် နေ့လယ်အချိန်ထိတော့ နစ်မြုပ်နေတဲ့လူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်တာမျိုးမတွေ့ရသေးဘူးလို့ လည်း ဒေါ်ဒါရှီနမ်ဘောက်ကပြောပြပါတယ်။
![]() |
ပေ ၁၀၀ ကျော်အနက်ရှိတဲ့ ပြိုကျသွားခဲ့တဲ့ နွံကန် |
'' ဒါကဖြစ်နိုင်ခြေကတော့ နွံကန်အဟောင်းကို ရေထွက်ပေါက်ထားပေးရမှာပေါ့၊ ကုမ္ပဏီတစ်ခုနဲ့တစ်ခု နွံကန်တွေမှာ ကြားက ခြားရမဲ့သတ်မှတ်အကွာအဝေးရှိပါတယ်၊ ဒါပမေယ့် တချို့က ကန့်သတ်တဲ့ပေကိုခြား မထားတဲ့အခါကြတော့ ကုမ္ပဏီတစ်ခုနဲ့တစ်ခုကြားထားတဲ့မြေက ဒါကို မခံနိုင်တော့ ကန်ကပြိုကျသွားတယ် ထင်ပါတယ်၊ ဒါကတော့ အရေးယူဆောင်ရွက်ရမှာပါ၊ ဒါပေမယ့် မြို့နယ်အဆင့်က ကွင်းဆင်းနေတုန်း ဆိုတော့ အဲဒီအခြေအနေတွေပေါ်မူတည်ပြီး မြို့နယ်က ဆက်ဆောင်ရွက်ပါလိမ့်မယ်'လို့ ရဲမှူးကြီး လွင်မောင်သိန်းက ပြောပါတယ်။
ဖားကန့်ဒေသမှာ မကြာခဏ လူသေဆုံးတဲ့အထိဖြစ်ပေါ်နေရတာဟာ ကချင်ပြည်နယ် အတွင်းက ဗန်းမော်၊ တနိုင်း စတဲ့ဒေသအသီးသီးမှာ ရွှေ သတ္တု ၊ပယင်း တူးဖော်တဲ့ တပိုင်တနိုင် လုပ်ကွက်တွေကို လုံခြုံရေး အခြေအနေအရ ခွင့်ပြုမပေးနိုင်ဘဲ ပိတ်ပင်ထားလိုက်တဲ့အတွက် တစ်နေရာထဲမှာ စုပုံပြီး ရှာဖွေနေကြတဲ့ အတွက်ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးတဦး ဖြစ်တဲ့ ဦးအားတီယောဟန်က ဘီဘီစီကို ပြောကြားထား ပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက်လည်း နည်းလမ်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်လည်တင်ပြ သွားဖို့ရှိတယ်လို့ ပြည်နယ်ဝန်ကြီးတစ်ဦး ဖြစ်တဲ့ ဦးအားတီယောဟန်က ပြောဆိုထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဖားကန့်ကကျောက်စိမ်းလုပ်ကွက်အတွင်း နွံကန်ပြိုကျလို့လူ ၅၄ဦး နွံအောက်ဖုံးလွှမ်းခံရ
Reviewed by THITHTOOLWIN
on
04:44
Rating:
