မြိတ်မြို့နယ်ရှိ နတ်တလင်းတောင်ကြိုးဝိုင်းတောင်ပေါ်တွင် တောမီးလောင်ကျွမ်း


မြိတ် ဧပြီ ၂၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာ (၃)မိုင်ကျော် ခန့်ကွာဝေးသော နတ်တလင်းတောင် ကြိုးဝိုင်းတောင်ပေါ်တွင် ဧပြီလ(၂၅)ရက် ညနေ(၆)နာရီခန့်တွင် စတင်၍ တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

လောင်ကျွမ်းလျက်ရှိသော တောမီးသည် ကျေးရွာလူနေအိမ်ခြေနှင့်အလှမ်းကွာဝေးပြီး တောင်ပေါ်တွင် လောင်ကျွမ်းနေခြင်းကြောင့် ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးလမ်းဖြတ်ခြင်း၊ တောင်အောက်သို့ လောင်ဆင်းလာသော မီးကိုသာ ငြိမ်းသတ်နိုင်၍ တဖြည်းဖြည်းနည်းပါးလာပြီဖြစ်ကြောင်း၊ တောမီးလောင်ကျွမ်းနေသည့် တောင်ခြေအနီးတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျွဲကူးမီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက တစ်ညလုံး စောင့်ကြည့်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။


အဆိုပါ တောမီးသည် ဧပြီလ(၂၆)ရက် နံနက်ပိုင်းတွင် ကျောက်ဖြူတောင်ကျေးရွာဘက် မီးစွယ်ဆင်းလာသဖြင့် မီးသတ်တပ်ဖွဲ့ဝင်မြား တောင်ပေါ်တက်၍ ငြိမ်းသတ်ခဲ့ရတယ်။ ပြီးတော တောမီးကလေလမ်းကြောင်းပြောင်းပြီး ရေမြစ်ကြီးကျေးရွာဘက်သို့ပြန်ကွေ့သဖြင့် တောင်ပေါ်တက်ပြီး မီးလမ်းဖြတ်ခဲ့ရာ မီးအရှိန်တော့ လျှော့သွားပါပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဌေး က ပြောသည်။

တောမီးလောင်ကျွမ်းခဲ့မှုကြောင့် လတ်တလောမှာ ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ မီးကြွင်းမီးကျန်များ ကျန်နေ ၍ အတိအကျ မသိရသေးကြောင်း၊ မီးလောင်ရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုး စုံစမ်းဆဲ ဖြစ်ကြောင်း သစ်တောဦးစီးဌာန တောအုပ် ဦးမျိုးလွင်ထံမှ သိရသည်။

တောမီးလောင်ကျွမ်းသည့်နေရာသို့ ဧပြီလ(၂၅)ရက် ညပိုင်းတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိ သူများ၊ တပ်မတော်သားများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျွဲကူးမီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် သန္ဓေ+ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ရောက်ရှိစောင့်ကြည့်ခဲ့ကြပြီး မီးငြိမ်းသတ်နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်မြို့နယ်ရှိ နတ်တလင်းတောင်ကြိုးဝိုင်းတောင်ပေါ်တွင် တောမီးလောင်ကျွမ်း မြိတ်မြို့နယ်ရှိ နတ်တလင်းတောင်ကြိုးဝိုင်းတောင်ပေါ်တွင် တောမီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.