တရုတ်နယ်စပ် နမ့်ခမ်းမှခြံထွက်သီးနှံများ တရုတ်ပြည်သို့တင်ပို့ခွင့် တရုတ်အစိုးရပိတ်


ဧပြီလ ၁၈ ရက် ၂၀၁၉

မြန်မာ တရုတ် နယ်စပ်ဒေသဖြစ်သည့် သျှမ်းမြောက် နမ့်ခမ်းဒေသ အတွင်း ထွက်ကုန်များ တရုတ်ပြည် သို့ တင်ပို့ရောင်းချရန် အခက်ကြုံနေရကြောင်း နမ့်ခမ်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

နမ့်ခမ်းမြို့နယ် တောင်သူများ၏ တပိုင် တနိုင် ခြံထွက် သီးနှံများကို တရုတ်နိုင်ငံ နောင်တောင်းမြို့ စစ်ဆေးရေးဂိတ် မှတဆင့် တရားဝင် သယ်ဆောင်ခြင်း ကို ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားသဖြင့် တောင်သူများအခက်တွေ့နေရကြောင်းလည်း နမ့်ခမ်း တောင်သူ တဦး ဖြစ်သည့် စိုင်းပီး က ပြောသည်။

“ နမ့်ခမ်းမြို့ က လယ်ယာခြံထွက်တွေ အတွက် တရုတ်ပြည်ဘက် က တရားဝင် ပေါက်တွေကို ပိတ်ထားတယ်။ ကျောက်မီးသွေး ကားတွေ သစ်ကားတွေကတော့ ဝင်၊ထွက်သွားလာနေရတယ်။ တခြားဝင်ပေါက်ကနေ ဝင်ရင်လည်း လူရော ယာဉ်ရော သီးနှံတွေပါ ဖမ်းဆီးထိန်းသိမ်းထားခံရတယ်” ဟု စိုင်းပီး က ဆိုသည်။

နမ့်ခမ်း ဒေသခံ တောင်သူ များ၏ ခြံထွက်သီးနှံများသည် ကြာရှည်စွာ သိုလှောင် ၍ မရသည့်အပြင် နမ့်ခမ်း ခြံစိုက်ပျိုးသူများသည် တရုတ်နိုင်ငံ ဈေးကွက်ကိုသာ အဓိက အားထားရောင်းချနေရသဖြင့် ယခုကဲ့သို့ အရောင်းအဝယ် ခွင့်ပြုချက် ကို တရုတ်ဘက်မှ ပိတ်ပင်လိုက်ပါက တောင်သူများ ဆုံးရှုံးမှု များစွာ ရင်ဆိုင်ကြုံတွေ့ ရကြောင်း နမ့်ခမ်းမြို့ တောင်သူလယ်သမားများအဖွဲ့ ၏ ဧပြီ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်လည်း ရေးသားထားသည်။

တရုတ်နယ်စပ် နမ့်ခမ်းမြို့ နယ် လယ်ယာခြံထွက် သီးနှံများကို ရွှေလီမြစ်ကူး ကူးတို့ဆိပ်များမှ တဆင့် နယ်စပ်ဖြတ်ကျော်ပြီး နှစ်နိုင်ငံ ရောင်းဝယ်ခဲ့သည်မှာ ရှေးယခင် နှစ်ပေါင်းများစွာ ကတည်းကဖြစ်သည်။

“ ကျမတို့ လယ်ယာထွက်တွေကိုတော့ တရုတ်ပြည် ဝင်ဖို့အတွက် တရုတ်က ပိတ်တယ်။ တရုတ်ကားတွေ ကျမတို့ ဒေသကို လာပြီး မီးသွေးတွေ၊ ဆီလီကွန်ကျောက်တွေ သယ်ချင်သလိုသယ် သွားနေတာ ဘယ်သူမှ မတားကြဘူး။ ကျမတို့ရင်ဆိုင်နေရတဲ့ ပြသာနာကို သက်ဆိုင်ရာက လာရောက်ကူညီဖြေရှင်းပေးစေချင်ပါတယ် ” ဟု နမ့်ခမ်း တောင်သူ တဦး က ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံဘက်မှ ဒေသခြံထွက် သီးနှံ များဝင်ရောက်ခြင်း ကို တားဆီးပိတ်ပင်နေသော်လည်း တရုတ်နိုင်ငံမှ ကုန်တင်ယာဉ်များ သည် မြန်မာပြည်ဘက် မှ မီးသွေး၊ သဲ၊ ဆီလီကွန် သတ္တုကျောက် များကို နမ့်ခမ်းမြို့ နယ်အတွင်း နေ့ည အချိန်မရွေး ဖြတ်သန်းပြီး တရုတ်နိုင်ငံ ဘက်တို့ အတားအဆီး မရှိ သယ်ဆောင်နေခြင်းကို နိုင်ငံတော် အဆင့် တာဝန်ရှိ သူများမှ လာရောက်စိစစ်တားမြစ်ပေးရန်လည်း နမ့်ခမ်း တောင်သူများက တောင်းဆိုလိုက်သည်။

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
https://burmese.shannews.org
တရုတ်နယ်စပ် နမ့်ခမ်းမှခြံထွက်သီးနှံများ တရုတ်ပြည်သို့တင်ပို့ခွင့် တရုတ်အစိုးရပိတ် တရုတ်နယ်စပ် နမ့်ခမ်းမှခြံထွက်သီးနှံများ တရုတ်ပြည်သို့တင်ပို့ခွင့် တရုတ်အစိုးရပိတ် Reviewed by THITHTOOLWIN on 05:19 Rating: 5
Powered by Blogger.