တကသကျောင်းသားတွေ သံချပ်မထိုးဖို့ ဧရာဝတီတိုင်းမှာ တားဆီးခံရ

တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ဖျော်ဖြေခဲ့စဉ် / ဓာတ်ပုံ - ဒေါင်းတို့မျိုးဆက်
တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဆင်ဆာခွင့်ပြုချက် တင်မထားတာကြောင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာ ရဲတပ်ဖွဲ့က ဖျော်ဖြေခွင့်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ မနေ့က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှာ သံချပ်ထိုး ဖျော်ဖြေပြီးနောက် ဧရာဝတီ တိုင်းကမြို့တွေမှာ ထပ်မံဖျော်ဖြေဖို့ သွားရောက်ရာမှာ ဒေးဒရဲတံတားအဆင်းမှာ ရဲတပ်ဖွဲ့က ပထမအကြိမ် တားဆီးခဲ့တယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုပိုင်ရဲသူက ပြောပါတယ်။

ကျောင်းသားတွေက တားဆီးတာကို လက်မခံဘဲ ဒေးဒရဲမြို့ထဲမှာ သံချပ်ထိုးဖျော်ဖြေရာမှာ ရဲတပ်ဖွဲ့က ဒုတိယ အကြိမ် ထပ်မံတားဆီးခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာတော့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ဖျာပုံမြို့ကို သွားရောက်သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။

ဒီနေ့မှာတော့ မအူပင်မြို့နဲ့ ကျောင်းကုန်းမြို့တွေကို သွားရောက်ဖျော်ဖြေရာမှာ ရဲတပ်ဖွဲ့က တားဆီးတာတွေ မရှိပေမယ့် စောင့်ကြည့်တာတွေရှိကြောင်း ကိုပိုင်ရဲသူက ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ မနက်ဖြန် သင်္ကြန်အကြိုနေ့ကစပြီး ရန်ကုန်မြို့တွင်းက ဖိတ်ကြားတဲ့နေရာတွေမှာ သံချပ်ထိုး လှည့်လည်ဖျော်ဖြေမယ်လို့ သိရပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ သံချပ်စာသားတွေကို စိစစ်ရေးမတင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိပြီး စိစစ်ရေးဆိုတာမရှိသင့်တာကြောင့် မတင်ခဲ့တာဖြစ်ကြောင်းလည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဦးဆောင်သူတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
တကသကျောင်းသားတွေ သံချပ်မထိုးဖို့ ဧရာဝတီတိုင်းမှာ တားဆီးခံရ တကသကျောင်းသားတွေ သံချပ်မထိုးဖို့ ဧရာဝတီတိုင်းမှာ တားဆီးခံရ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.