ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာတွင် လူတစ်ဦးမိုင်းထိ ဒဏ်ရာရ


နိရဉ္စရာ၊ဧပြီ ၂၉/ ၂၀၁၉

လွန်ခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာတွင် လူတစ်ဦးသည် ယနေ့နံနက်က မိုင်းထိပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါမိုင်းထိခံရသူမှာ ဗုဒ္ဓေါကျေးရွာမှ ဦးကျော်ဝင်း အသက်( ၅၁)နှစ်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းအချိန်က ၄င်း၏ကွမ်းခင်းသို့ သွားစဉ် ကျေးရွာအနီးရှိ တောင်ကုန်ပေါ်အရောက်တွင်မိုင်းထိသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းထိပြီး ခြေထောက်၊ ဝမ်းဗိုက်၊ မျက်လုံးများတွင် ထိခိုက်မှုများ ရှိခဲ့သဖြင့် လက်ရှိ ယိုးတရုပ် ဆေးရုံတွင်
ဆေးကုသမှု ခံယူနေကြောင်း ကာယကံရှင် ဦးကျော်ဝင်းကပြောသည်။

“မနေ့က ကျနော့်ကွမ်းခင်းရှိတဲ့ တောင်ကုန်းမီးလောင်ပါတယ်။ မီးလောင်လို့ ကျနော်က မနေ့ကလည်း တစ်ခေါက် ကွမ်းခင်းကို မီးမကူးရအောင် ဘေးနားက အမိုက်တွေကို သွားရှင်း ပေးခဲ့ပါသေးတယ်။ နောက်ပြီး ဒီနေ့ မနက်က ထပ်ပြီးတော့ သွားကြည့်တဲ့အချိန်မှာ ပေါက်ကွဲပြီးထိသွားတာပါ။ ခြေထောက်မှာ ထိတယ်။ ဝမ်းဗိုက်နဲ့ မျက်လုံးမှာလည်း ထိသွားပါတယ်။ အခုဘယ်ဖက် မျက်လုံး တစ်လုံးလည်း သေချာ မဖွင့်နိုင်ဘူး။ မြင်လည်းသိပ်မမြင်ရဘူးဖြစ်နေတယ်”ဟု မိုင်းထိပြီးဒဏ်ရာရရှိသွားသူ ဦးကျော်ဝင်းက နိရဉ္စရာသို့ပြောသည်။

ဗုဒ္ဓေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်က “ဟုတ်ပါတယ်။ မနက် ၇နာရီလောက်မှာ ရွာအနောက်ဖက် ရှိတဲ့ကွမ်းခင်းကို သွားတာပါ။ တောင်ကုန်းပေါ်က နေသွားတာ အဲ့ဒီမှာ မိုင်းကြိုးကို ခြေထောက်နဲ့ ထိမိလို့ ပေါက်ကွဲသွားတာ လို့ ပြောပါတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်”ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာတွင်လည်း ယမန်နေ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား၍ အသက် (၁၅)နှစ်အရွယ် ၈တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ရပြီး (၁၃)နှစ်အရွယ်ကလေးတစ်ဦးနှင့် (၄) နှစ် အရွယ် မိန်းကလေးတစ်ဦးလည်းဒဏ်ရာများ ရရှိသွားကာ ရသေ့တောင်ဆေးရုံမှ တဆင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာတွင် လူတစ်ဦးမိုင်းထိ ဒဏ်ရာရ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာတွင် လူတစ်ဦးမိုင်းထိ ဒဏ်ရာရ Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.