သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ


ဧပြီလ ၂၄ ရက် ၂၀၁၉

သျှမ်းပြည်နယ် တွင် ယမန်နေ့ မိုးသည်းထန်စွာ ရွာသွန်းကာ မိုးသီးများ ကျသဖြင့် နေအိမ်များ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညနေပိုင်းတွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် နှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ မြို့ တွင် မိုးသီးများကျကာ နေအိမ်ခေါင်မိုးများ နှင့် သီးနှံ စိုက်ခင်းများ ပျက်စီး ဆုံးရှုံးမှု များစွာ ရှိကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

မိုးသီးကျမှုကြောင့် ရွာငံမြို့နယ်တွင် လယ်ဧက ၉၀၀ ကျော် နှင့် နေအိမ် ပျက်စီးမှု ၂၀၀ ကျော် ရှိကြောင်းလည်း ရွာငံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အောင်စိုးမင်း က ပြောသည်။

“ ပျက်စီးဆုံးရှုံးမှုကများတယ်။ ၂၀၁၆ က တကြိမ်ဖြစ်ဖူးတယ်။ ၂၀၁၆ က ပိုပြီး ပျက်စီးဆုံးရှုံးတယ်။ ဒီနေ့ တော့ ကျနော်တို့ ပျက်စီးတဲ့နေရာတွေ ကွင်းဆင်း စစ်ဆေးပါတယ်” ဟု အောင်စိုးမင်း က ပြောသည်။

ယမန်နေ့တွင် ဖြစ်ခဲ့သည် လေပြင်းတိုက်မှု မိုးသီးကျမှုသည် ကြောက်စရာကောင်းကြောင်း၊ လက်ရှိတွင် သီးနှံစိုက်ခင်းလည်း ပျက်စီးမှုကြောင့် ပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်သွားမည် ဟုလည်း ရွာငံ ဒေသခံက ဆိုသည်။

“ မိုးသီးတွေ ကျတာ တော်တော်ကြီးတယ်။ အိမ်ခေါင်မိုးတောင် ပေါက်တယ်။ သဘာဝ ပတ်ဝန်းကျင်တော်တော် ပျက်စီးနေပြီ” ဟု ရွာငံ ဒေသခံ လင်းထွန်း က ပြောသည်။

ထိုနည်းတူ တာချီလိတ်တွင် လည်း လူနေအိမ်များနှင့် ရွှေတိဂုံစေတီ ဘုရားလည်း ပျက်စီးမှု ရှိကြောင်း တာချီလိတ် ဒေသခံ များပြောဆိုချက်အရ သိရသည်။

“ မနေ့က ကျတဲ့ မိုးသီးက တကြိမ်တခါမှ မကြုံဖူးဘူး။ တော်တော်ကြီးတယ်။ လေကတိုက် မိုးသီးက ကျ အိမ်ခေါင်မိုးတွေ လန်တဲ့ဟာ က လန်တယ်။ အမိုးပေါက်တဲ့ဟာက ပေါက်တယ်” ဟု တာချီလိတ် မြို့ မကာဟိုခမ်းရပ်ကွက်နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

ယခုနောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်သည် တနှစ်ထက် တနှစ် ပိုမို ဆိုးရွားလာကာ တောင်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများအတွက် အလွန် အခက်အခဲကြုံနေကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ သျှမ်းပြည်တွင် မိုးသီးကျမှုကြောင့် နေအိမ် ၊ သီးနှံစိုက်ခင်း ပျက်စီးမှု များ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.