ရက္ခိတပြက္ခဒိန် AA ရက်စွဲပါနေ၍ လှည့်လည်ရောင်းချသူကို ဧရာဝတီ ဟိုင်းကြီးကျွန်းတွင်ဖမ်းဆီး


နိရဉ္စရာ၊ဧပြီ ၁၂/ ၂၀၁၉

ယခုနှစ် ထုတ်ဝေ ရောင်းချနေသည့် ရက္ခိတပြက္ခဒိန်တွင် AA တည်ထောင်သည့် ရက်စွဲ ပါနေ၍ ထုတ်ဝေရောင်းချနေသူ ရခိုင်လူငယ် ကိုသိန်းအောင်မြတ်ကို ဧရာဝတိုင်း ဟိုင်းကြီးကျွန်းတွင် ဧပြီ ၆ ရက်နေ့ ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

ဟိုင်းကြီးကျွန်းတွင် ရက္ခိတပြက္ခဒိန်ကို နယ်လှည့်ရောင်းချနေစဉ် AA နှင့်ဆက်သွယ်သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်ရေးပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ဖမ်းဆီး လိုက်ခြင်း ဖြစ်ကြောင်း မိသားစုများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ကိုသိန်းအောင်မြတ်ဇနီး ဒေါ်မိုးသန္တာခင်က “ သူအဖမ်းခံရတယ်ဆိုလို့ ကျမက ကလေး၂ ယောက်နဲ့ လိုက်သွားပါတယ်။ လိုက်သွားတဲ့အချိန်မှာ တွေ့ခွင့်မရဘူး။ အာမခံလည်းမရဘူး။ အဲ့ဒါနဲ့ ကျမကလည်း တောင်းတောင်းပန်ပန်နဲ့ပြောမှ ခဏလေး တွေ့ခွင့်ရခဲ့တယ်။ တွေ့ခွင့်ရတဲ့အချိန်မှာ အမှုကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောနဲ့လို့ သူတို့က ပြောပါတယ်။ ဘာအတွက်နဲ့ဖမ်းလည်းဆိုတော့ ပြက္ခဒိန်မှာ ရခိုင်နေ့ စွဲ ရက်စွဲတွေပါတယ်။ နောက်ပြီးတော့ ရက္ခိုင်တပ်မတော်နေ့ ပါနေလို့ AA နဲ့ဆက်သွယ်တယ်။ သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲ ဖမ်းဆီးတယ်လို့ ပြောပါတယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသူ ကိုသိန်းအောင်မြတ် အသက်(၃၂) နှစ်ရှိပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှ ဦးမောင်သာနုသားဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့ကျောက်မြောင်းတွင် မိသားစုနှင့် အတူ နေထိုင်နေကြောင်း သိရသည်။

“ ကျမတို့ ဒီရက္ခိတပြက္ခဒိန်ကို မိသားစု စားဝတ်နေရေး အတွက် ထုတ်လုပ်ပြီး ရောင်းချလာတာ ၇ နှစ်တောင်ရှိပါပြီ။ ဧပြီလ ၂ရက်နေ့က ဧရာဝတီတိုင်းကို သူသွားတယ်။ ၃ရက်နေ့ မနက်ပိုင်းရောက်ပါတယ်။ ရောက်ပြီး ချောင်းသာမှာ ရောင်းတယ်။ ၄ ရက်နေ့မှာ ငွေဆောင်မှာ ရောင်းပါတယ်။ ဧပြီလ ၅ရက်နေ့ ငွေဆောင်မှာ နေ့တစ်ဝက်ရောင်းပြီး ဟိုင်းကြီးကျွန်းဘက်ကို ရောင်းဖို့ ဆိုပြီး ဆက်သွားပါတယ်။ ဟိုင်းကြီးကျွန်းမှာ ရောင်းနေတဲ့အချိန် ဖမ်းတယ်လို့ပြောပါတယ်။ ဖမ်းပြီးတော့ ဟိုင်းကြီးကျွန်းမှာ တစ်ရက်ချုပ်ပြီးတော့ ငပုတော မြို့မရဲစခန်းကို ပို့ပါတယ်”ဟုပြောသည်။

မိသားစုစားဝတ်နေရေး အတွက် ပြက္ခဒိန်ရောင်းချရခြင်ဖြစ်ကြောင်း၊သားသမီး ၂ ယောက်ရှိပြီး မိသားစု စားဝတ်နေရေး အတွက်ငွေရှာသည့် အိမ်ထောင်ဦးစီးအားယခုလို့ ဖမ်းဆီးလိုက်သဖြင့် ၄င်းအနေဖြင့် အားကိုးရမဲ့ ဖြစ်နေရကြောင်း ဒေါ်မိုးသန္တာခင်က ဆက်ပြောသည်။

ဖမ်းဆီးခံရပြီးနောက် ကိုသိန်းအောင်မြတ်ကို ဟိုင်းကြီးကျွန်းရဲစခန်းမှ ဧရာဝတီတိုင်း ငပုတောမြို့မ ရဲစခန်းသို့ လွဲပြောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဟိုင်းကြီးကျွန်းရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက “ဟုတ်ပါတယ်။ လူက ၄ ယောက်ပါတယ်။ သူတို့ဟိုင်းကြီးကျွန်းအပိုင် ငွေဆောင်နဲ့ ချောင်းသာမှာ ရောင်းနေတဲ့ အချိန် ကျနော်တို့ တိုင်း ရဲတပ်ဖွဲ့မှူးကနေပြီးတော့ ပြက္ခဒိန်ရောင်းနေတဲ့ သူတွေကို စခန်းမှာခေါ်ယူစစ်ဆေးပါဆိုပြီးတော့ ဖုန်းဝင်လာတယ်။အဲ့ဒီတော့ သူတို့ကို ကံကျိုင်ရွာမှာ တွေ့တယ်။ ကံကျိုင်ကျေးရွာမှာတွေ့ပြီးတော့ သူတို့ကို ရဲစခန်းခေါ်လာလိုက်တယ်။စခန်းမှာ သူတို့ကို မေးမြန်းပြီးတော့ ငပုတောမြို့ရဲစခန်းကို လွှဲပြောင်းပေးလိုက်တယ်။ ၄ ယောက်လာတာမှာ တစ်ယောက်က စစ်တွေက မရောက်ဖူးလို့ အလည်လိုက်လာတာ။ နောက်တစ်ယောက်က ရန်ကုန်က ကားသမား၊ နောက်တစ်ယောက်က ဟိုင်းကြီးကျွန်းက လမ်းပြပေးတဲ့ကောင်းလေးတစ်ယောက်။ ၃ယောက်ကိုတော့ မသက်ဆိုင်လို့ ပြန်လွတ်ပေးလိုက်ပါတယ်။ သိန်းအောင်မြတ်ကိုတော့ ငပုတောမြို့မရဲစခန်းမှာ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြောပါတယ်”ဟု ဆိုသည်။

ပြက္ခဒိန်များတွင် မြန်မာ့ လွတ်လပ်ရေးနေ့ ဇန်န၀ါရီ ၄ ရက်၊ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂၊ ဦးဥတ္တမနေ့ စက်တင်ဘာ ၉ ရက် စသဖြင့်ပါရှိပြီး သူထုတ်ဝေသည့် ပြက္ခဒိန်တွင် AA ထူထောင်သည့်နေ့ ဧပြီ ၁၀ ရက်ဟု ပါရှိရာမှ ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သုံးသပ်သူ တစ်ဦးက ပြောကြားသည်။

နောက်ဆုံး ရရှိသော သတင်းအရ ယနေ့ ဧပြီ ၁၂ ရက်နေ့တွင် ကိုသိန်းအောင်မြတ်ကို ငပုတောရဲစခန်း အချုပ်မှ ပုသိမ်ထောင်သို့ ပို့လိုက်ပြီဟု သတင်းရရှိသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
ရက္ခိတပြက္ခဒိန် AA ရက်စွဲပါနေ၍ လှည့်လည်ရောင်းချသူကို ဧရာဝတီ ဟိုင်းကြီးကျွန်းတွင်ဖမ်းဆီး ရက္ခိတပြက္ခဒိန် AA ရက်စွဲပါနေ၍ လှည့်လည်ရောင်းချသူကို ဧရာဝတီ ဟိုင်းကြီးကျွန်းတွင်ဖမ်းဆီး Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.