ဖမ်းဆီးစစ်ဆေးခံနေရသည့် လက္ကာရွာသားများနှင့် မိသားစုဝင်များတွေ့ခွင့်ရမည်ဟု ရခိုင်ပြည်နယ် အစိုးရပြော

(ဓာတ်ပုံ- ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များကို ပြည်နယ် အစိုးရ အစည်းအဝေးခန်းမတွင် တွေ့မြင်ရစဉ်)
နိရဉ္စရာ၊ ဧပြီလ ၂၆/၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၇ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေး နေရာ ရဲဘက်သို့ လွှဲပြောင်းပေးပြီးပါက မိသားစုဝင်များတွေ့ခွင့်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် နယ်လုံဝန်ကြီး တို့က ပြောကြားခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၆ ရက် ယနေ့နံနက် ၈ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လက္ကားရွာသားများ သွားရောက် တွေ့ဆုံခဲ့ကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်လုံဝန်ကြီးတို့မှ တွေ့ခွင့်ရမည် ဖြစ်ကြောင်း မိသားစုများကို ပြောကြားခဲ့သည်ဟု ဖမ်းဆီးစစ်ဆေးခံနေရသည့် အသက် ၂၂ နှစ်အရွယ် မောင်နိုင်ဝင်းဖခင် ဦးကျန်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"အစိုးရကတွေ့ခွင့်ပေးမယ်ပြောပါတယ်။ဘယ်နေ့ဘယ်ရက်လို့တော့ ကျွန်တော်တို့ကို မပြောပါဘူး" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့သည် မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က "ခုက စစ်ကြော ရေးမှာပဲရှိနေသေးတယ်။ နောက်နှစ်ရက် သုံးရက်ဆိုရင် ရဲဘက်ကိုလွှဲမယ်။ ရဲဘက်ကို လွှဲတဲ့အချိန်မှာ တွေ့လို့ရပြီ။ အဲဒီအချိန်တွေ့ဖို့အတွက် ကျွန်တော်တို့က တာဝန်ယူ တာဝန်ခံပါတယ်လို့ ရခိုင်ပြည်နယ်ရဲမှူးကြီးကရှင်းပြပါတယ်" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရဲတပ်ရင်း ၃၁ ကို ဧပြီ ၉ ရက်နေ့ ညဥ့်အချိန်မှ ဧပြီး ၁၀ ရက်နေ့ နံနက်ထိ ရက္ခိုင့်တပ်တော်(AA)က ၀င်ရောက်တိုက်ခိုက်ပြီး ယင်းနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်-စစ်တွေပြည်ထေ¬ာင်စု ကားလမ်းပေါ်ရှိ လက္ကာကျေးရွာ ရွာသား ၂၃ ဦးကို AA အဖွဲ့ဝင်များဟုဆိုကာ မြန်မာ့တပ်မတော် ဖမ်းဆီးခဲ့သည်။

"သူတို့ကတော့ ကျွန်တော့်သားကို လွတ်ပေးမယ်ပြောပါတယ်။ အပြစ်မရှိဘူးလို့ ပြောပါတယ်" မြန်မာ့ တပ်မတော်စစ်ကြောရေးတွင်ရှိနေသေးသည့် မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်စိုးမင်းဦး ဖခင်ဖြစ်သူ ဦးလှဖြူသံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်စစ်ကြောရေးတွင် ကိုဇော်မျိုးထွန်း (၂၅ နှစ်) ယွန်းချောင်းကျေးရွာ၊ ဦးသိန်းထွန်းစိန် (၃၅) နှစ်၊ လက္ကာကျေးရွာနှင့် ဦးမောင်သန်းနု (၄၁) နှစ် လက္ကာကျေးရွာတို့ သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း စစ်တွေပြည်သူ့ဆေးရုံနှင့်စစ်တွေအမှတ်(၂)ရဲစခန်းတို့က ဧပြီလ ၂၅ ရက် မနေ့က အတည်ပြု ပြောကြားထားသည်။

မြန်မာ့တပ်မတော်၏ ဖမ်းဆီးစစ်ဆေးခံနေသူများ၏ မိသားစုဝင်များသည် ဧပြီလ ၂၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံထားရသူများနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သည်။

ထွန်းလင်းနိုင်
Narinjara
https://www.facebook.com/pg/Narinjara
ဖမ်းဆီးစစ်ဆေးခံနေရသည့် လက္ကာရွာသားများနှင့် မိသားစုဝင်များတွေ့ခွင့်ရမည်ဟု ရခိုင်ပြည်နယ် အစိုးရပြော ဖမ်းဆီးစစ်ဆေးခံနေရသည့် လက္ကာရွာသားများနှင့် မိသားစုဝင်များတွေ့ခွင့်ရမည်ဟု ရခိုင်ပြည်နယ် အစိုးရပြော Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.