အခက်အခဲတွေကို ရုန်းကန်နေရကြောင်း NLD ပါတီ ပြော

၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်မှာ ၂၀၁၉၊ မတ် ၂၇ ရက်နေ့က ကျင်းပစဉ် / Photo: Thant Zin Oo/ RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေရင်း အကြမ်းဖက်ဝါဒနဲ့ တစ်ဖက်သက် စွပ်စွဲပုတ်ခတ် ခြိမ်းခြောက်မှုများကို ခုခံရုန်းကန်နေရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောလိုက်ပါတယ်။

၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်မှာ ဒီနေ့မနက်က ကျင်းပရာမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဖက်စစ်တော်လှန်ရေးနေ့ ကြေညာချက်မှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းကိုလည်း လွှတ်တော်အင်အား၊ ပြည်သူလူထု စုပေါင်းအင်အားနဲ့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

တပ်မတော်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူနဲ့ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပါဝင်လာဖို့ နှိုးဆော်ကြောင်း ဒီကနေ့ အခမ်းအနားရဲ့ သဘာပတိဖြစ်တဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

အခမ်းအနားကို NLD ပါတီ နာယကကြီး သူရ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပါတီဝင်တွေနဲ့ နိုင်ငံတကာ သံရုံးအသီးသီးက သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
အခက်အခဲတွေကို ရုန်းကန်နေရကြောင်း NLD ပါတီ ပြော အခက်အခဲတွေကို ရုန်းကန်နေရကြောင်း NLD ပါတီ ပြော Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.