ရသေ့တောင် ထီးစွဲရွာမှ လူငယ်တစ်ဦး ၀က်ဝံကိုက်၍ သေဆုံး


နိရဉ္စရာ၊ မတ် ၁၆/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာမှ အသက် ၂၃ နှစ် အရွယ် လူငယ်တစ်ဦး ၀က်ဝံကိုက်သဖြင့် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဖြူသီးချေ (၂၃) နှစ် (ဘ) ဦးဖိုးသာထူးဖြစ်ကြောင် သိရသည်။

ယနေ့ ထီးစွဲရွာ အနောက်ဘက်ကွင်းသို့ ဘယ်ကမှန်း မသိသော ၀က်ဝံတစ်ကောင်ရောက်လာခဲ့ကြောင်း၊ လူငယ် ၂၀ ခန့်က ၀ိုင်းလိုက်ရာ တောစပ်တစ်နေရာ အရောက်တွင် ဖြူသီးချေအား ၀က်ဝံက ပြန်လည် တိုက်ခိုက်ပြီး လည်ပင်းကို ကိုက်လိုက်ကြောင်း၊ လည်မျိုကို ထိသွားပြီး ၎င်းဒဏ်ရာဖြင့် မိနစ် ၂၀ ခန့်တွင် ကွယ်လွန်သွားကြောင်း ထီးစွဲရွာတွင် နေထိုင်သူ ဦးသန်းအောင်ထွန်းက ပြောသည်။

“ ကျွန်တော်ရွာအနီးမှာ တောင်တွေ၊ တောတွေလည်း မရှိဘူး။ အနောက်ဘက်မှာ ဓနိတောဘဲ ရှိတယ်။ ဒီလို တောကြီး တောင်ကြီးမရှိဘဲ ၀က်ဝံက ဘယ်လို ရောက်လာတယ်ဆိုတာ မသိဘူး။ ရွာက လူငယ်တွေက ၀ိုင်းလိုက်ကြတာ ၀က်ဝံက ပြန်ကိုက်တယ်လို့ ပြောတာပါဘဲ။ ဖြစ်တာက နံနက် ၁၀ နာရီလောက်မှာ ဖြစ်တာပါ” ဟု ပြောကြားသည်။

၎င်းဝက်ဝံ၏ အရွယ်မှာ နွားငယ်သာသာ ရှိကြောင်း၊ တောတောင်များတွင် လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိနေ၍ ကြောက်လန့်ပြီး မြေပြန့်သို့ ထွက်ပြေးလာခြင်း ဖြစ်နိုင်ကြောင်း၊ ဒေသခံများအနေဖြင် နောက်ထပ် အတိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ ကျောင်းဆရာ တစ်ဦးကလည်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင် ထီးစွဲရွာမှ လူငယ်တစ်ဦး ၀က်ဝံကိုက်၍ သေဆုံး ရသေ့တောင် ထီးစွဲရွာမှ လူငယ်တစ်ဦး ၀က်ဝံကိုက်၍ သေဆုံး Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.