တရုတ်နိုင်ငံကို ရောင်းမယ့် နွားကောင်ရေ သောင်းချီ မူဆယ်မှာပိတ်မိနေ

မူဆယ်မှာပိတ်မိနေတဲ့ တရုတ်ပြည်တင်ပို့မယ့် နွားတွေကို တွေ့ရစဉ်/ Photo: Ye Htet/RFA
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချမယ့် နွားကောင်ရေ တစ်သောင်းလောက် မူဆယ်မြို့အနီးမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက တင်ပို့မယ့် နွားတွေကို မူဆယ်မြို့အနီးက နွားဝိုင်းတွေမှာ စုစည်းထားတာဖြစ်ပြီး တရုတ်ကုန်သည်တွေက လာရောက်မဝယ်ယူတာ ၁ လနီးပါးကြာနေပြီဖြစ်တာကြောင့် နွားကောင်ရေ သောင်းနဲ့ချီပြီး ပိတ်မိနေတာလို့ ကုန်သည်တွေက ပြောပါတယ်။

အဲဒီနွားတွေကို မြန်မာကုန်သည်တွေက အခွန်ဆောင်ပြီး သယ်ဆောင်လာတာဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း  တရုတ်မြန်မာနယ်စပ် မူဆယ်မြို့အနီးက နွားဝိုင်းတွေမှာ တရုတ်နိုင်ငံက နွားကုန်သည်တွေ လာရောက်မ၀ယ်ယူတာကြောင့် နွားအများအပြား မရောင်းရပဲရှိနေတာ တစ်လခန့်ရှိနေပြီလို့ နွားကုန်သည် ကိုဆန်းမောင်က ပြောပါတယ်။

"ကျနော်တို့ လမ်းကတက်လာ ဒီမှာရောက်တော့ ပိတ်တယ်ဆိုပြီးတော့ တစ်လလောက်ဖြစ်နေတာ ဒီမှာ၊ အခုထိ အ၀ယ်ကမလာနဲ့ ဘာမှလုပ်မရဘူး တလလောက်ရှိပြီ မလာတာက၊ တရုတ်က ပိတ်တယ်ပြောတာ၊ နွားကို ဗမာပြည်က ၀ယ်တယ် ၀ယ်ပြီးတော့ တံဆိပ်တုံးရိုက်တယ၊် နားကပ်နဲ့ဘာနဲ့ ဒီမှာလာပြီး လာရောင်းရတာကို ရောက်တော့ တရုတ်က မ၀ယ် ဘာဖြစ်လို့ ပိတ်တာတုံးဆို အဲဒါတော့ မသိဘူး၊ ဟိုဘက်က အ၀င်မခံဘူး၊ ၀ယ်လက်တွေက ဟိုမိ ဒီမိနဲ့ အဖမ်းခံရတော့ တရုတ်ပြည် မန်စီ ဘက်မှာ အ၀င်မခံလို့ လုံးဝရပ်နားထားရတာ"

အဲဒီနွားတွေကို မြန်မာပြည်ဒေသအနှံ့ကနေ ၀ယ်ယူလာပြီး မြန်မာနိုင်ငံဘက်မှာ သက်ဆိုင်ရာအာဏာပိုင်တွေကို အခွန်ဆောင်ကာ တရားဝင် သယ်လာတာဖြစ်ပါတယ်။ နယ်စပ်ရောက်လို့ အခုလို နွားမရောင်းရတဲ့အခါ ကုန်ကျစားရိတ်တွေအများအပြားဖြစ်ပြီး အရှုံးပေါ်နေတယ်လို့ နောက်ထပ် နွားကုန်သည် ကိုသိန်းဝင်းက ပြောပါတယ်။

"တရားဝင် တင်လာတဲ့အချိန်မှာ ကယ်ရီခနဲ့ နွားကျွေးစားရိတ်နဲ့ အစစအရာရာ တအားနစ်နာတယ် အများကြီး၊ နွားစာ တစ်အိပ်ကို လေးငါးထောင်ဝယ်ရတယ်၊ နွားတစ်ကောင်လည်း လေးငါးထောင်နဲ့ မလောက်ဘူးဖြစ်နေတာ၊ အဲတော့ အကောင် ၂၀ မှာ နွားတစ်ကောင်ကို ဘာပဲဖြစ်ဖြစ် ၅ သောင်း ၆ သောင်းလောက်ကုန်နေပြီ၊ လူစားရိတ်က တစ်ရက်ကို ၂ သောင်း ၃ သောင်းလောက်ကုန်တယ်၊ တစ်နေ့ကို ၇ သောင်း ၈ သောင်းလောက်ကုန်တယ်၊ ကုန်နေတဲ့အချိန်မှာ အရောင်းအ၀ယ်က မရှိ ကျနော်တို့က တစ်လနီးပါးလောက်ဖြစ်နေပြီ"

တကယ်တော့ မြန်မာပြည်က နွားတွေကို တရားဝင်နယ်စပ်အထိ တင်ပို့ရောင်းချတာဖြစ်ပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တရားဝင် တင်သွင်းကုန်အဖြစ် မသတ်မှတ်ဘူးလို့ နယ်စပ်ကုန်သည် အချို့က ပြောကြပါတယ်။ ဒါပေမဲ့ တရုတ်နယ်စပ်မှာ ၂ နိုင်ငံက ကုန်သည်တွေ နွားရောင်းဝယ်နေကြတာတော့ နှစ်ပေါင်းအတော်လေး ကြာနေပြီဖြစ်ပါတယ်။

အခုအချိန်မှာ နွားတွေကို အကောင်ရေများများနဲ့ ၀ယ်တဲ့လူမရှိဘဲ အနီးအနားက အသားပေါ်မယ့်သူလောက်ပဲ နည်းနည်းချင်းလာဝယ်တာရှိပြီး ဒါလည်း အရှုံးခံရောင်းလိုက်ရတာလို့ ၁၉ နှစ်ကြာ နွားအရောင်းအ၀ယ် လုပ်လာတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့က နွားကုန်သည် ကိုဌေးလွင်က  ပြောပါတယ်။

"ကြာပြီ နှစ်သစ်မကူးခင်ကတည်းက ရောက်နေတာ၊ အရင်ဒီမှာ နွားတစ်ကောင် ၁၈ သိန်း ၁၈ ခွဲလောက်ပေးတယ်၊ အခုအချိန် ၁၂ ခွဲ ၁၅ အဲလိုပဲ ရောင်းနေရတယ်၊ အဆင်မပြေပါဘူး လုပ်ရတာ၊ နွားစာလည်း ၀ယ်ကြွေးရတယ်၊ တစ်အိပ်ငါးထောင်ပေးရတယ် ငွေထုတ်တာလည်း များနေပြီ၊ ဒီက စားရသောက်ရတာလည်း အဆင်မပြေဘူး၊ ရွာမှာ ၁၄ ခွဲပေးခဲ့ရတယ်၊ ဒီရောက်တော့ ၁၅ ပဲရောင်းရတယ်ဗျာ၊ ကားခတွေက အများကြီးကျတယ်ဗျာ၊ ကားခ နွားတစ်ကောင် ၄ သိန်းကျတယ်၊ လမ်းဂိတ် ရွှေဘို၊ ၁၆ မိုင်၊ ရေပူဂိတ်တွေ ပေးခဲ့ရတယ်၊ ပုံမှန်ကြေးပါ မများပါဘူး၊ ဒီမှာက နွားရောင်းရတာက အဆင်မပြေဘူး"

အခုလို နွားတွေကို တရုတ်နိုင်ငံဘက်က အ၀ယ်မလိုက်တာနဲ့ပတ်သက်လို့  တရုတ်မြန်မာ၂ နိုင်ငံက တာဝန်ရှိသူတွေ ညိနှိုင်းဖြေရှင်းပေးဖို့ နွားကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်စပါး၊ ပဲပြောင်း၊ သစ်သီးဝလံနဲ့ တခြားလယ်ယာထွက်ကုန်တွေ တင်ပို့ကြပြီး တရုတ်နိုင်ငံကတော့ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်စတဲ့ လူကုန်ကုန်ပစ္စည်းအမျိုးမျိုး တင်းသွင်းနေတာဖြစ်ပါတယ်။

၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံက တရားဝင်တင်ပို့တဲ့ ပစ္စည်းတွေဖြစ်ပေမယ့် တရုတ်နိုင်ငံဘက်ရောက်ရင် တရားမ၀င်ပစ္စည်းဖြစ်နေတတ်သလို၊ တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံဘက်ရောက်ရင် တရားမ၀င်ပစ္စည်းတွေ ဖြစ်တာမျိုးတွေလည်း ရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
တရုတ်နိုင်ငံကို ရောင်းမယ့် နွားကောင်ရေ သောင်းချီ မူဆယ်မှာပိတ်မိနေ တရုတ်နိုင်ငံကို ရောင်းမယ့် နွားကောင်ရေ သောင်းချီ မူဆယ်မှာပိတ်မိနေ Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.