လက်ရှိဝန်ကြီးချုပ်ပါတီ မဲအများဆုံးနေရာကနေ ဦးဆောင်နေ

ဒီမိုကရက်ပါတီက ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ အဖိစစ်လည်း ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ပါတယ်။
မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲအပြီး မဲရေတွက်မှု ၉၄ ရာခိုင်နှုန်းပြီးစီး သွားပြီးနောက် လက်ရှိထွက်လာတဲ့ ရလဒ်အရ လက်ရှိဝန်ကြီးချုပ် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ပါတီ က မဲအများဆုံးရရှိခဲ့ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ပလန်း ပရာချာရတ်ပါတီက မဲ ၇.၉ သန်း ရရှိပြီး ပထမနေရာမှာ ဦးဆောင်နေပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကိုထောက်ခံတဲ့ ဖူယထိုင်း ပါတီကတော့ မဲ ၇.၄ သန်း ရရှိပြီး ဒုတိယနေရာမှာလိုက်နေပါတယ်။

ငယ်ရွယ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် ဘီလျံနာ သူဌေး သနာတွန်းဂျူအန်ဂရူးဂရူအန်ကစ် ဦးဆောင်တဲ့ ရှေ့သို့အနာဂတ်ပါတီ ကတော့ တတိယ မဲအများဆုံး ရရှိနေပါတယ်။

လူချမ်းသာနဲ့ ပညာတတ်အသိုင်းအဝိုင်းက ထောက်ခံတဲ့ ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဗိတ်ဂျာဂျီဗ ခေါင်းဆောင်တဲ့ ဒီမိုကရက်ပါတီ၊ ၃.၇ သန်းနဲ့ စတုတ္ထနေရာမှာ လိုက်နေပါတယ်။

ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဗိတ်ဂျာဂျီဗ ကတော့ အခုလိုမဲအရေ အတွက်ရရှိမှု နည်းတာဟာ သူ့မှာ တာဝန်ရှိတယ်ဆိုပြီး ပါတီဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ခဲ့ ပါတယ်။
 ကျေးလက်ဒေသက မဲပေးသူတွေရဲ့ ထောက်ခံမှုရဆဲ ၀န်ကြီးချုပ်ဟောင်း သက်ဆင်
မဲရေတွက်မှုကို မတ်လ ၂၅ ရက်နေ့မှာ ဆက်လက် ရေတွက်သွားမယ်လို့ သိရပါတယ်။

အစောပိုင်းက ထွက်လာတဲ့ မဲရလဒ်တွေအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုထောက်ခံသူတွေရဲ့ ဖူယထိုင်းပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ မဲအသာရနေခဲ့ပါတယ်။

ဒါပေမဲ့လက်ရှိ မဲရလဒ်အရ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ကသာ ဝန်ကြီးချုပ် ဖြစ်ဖို့ အလားအလာ များနေတယ်လို့ ဘီဘီစီ ထိုင်းသတင်းထောက်တွေက သုံးသပ်ကြပါတယ်။

အခုရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှုကြောင့်၂၀၁၄ ခုနှစ်ကတည်းက စစ်တပ် အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပြီး ထိုင်းမဲဆန္ဒရှင်တွေ အများအပြားလည်း စိတ်ဝင်တစား မဲပေးခဲ့တာလည်းဖြစ်ပါတယ်။
ထိုင်းရွေးကောက်ပွဲ ပြင်ဆင်မှု

စစ်တပ်က အာဏာသိမ်းပိုက်ပြီးနောက်မှာ ဒီမိုကရေစီ ပြန်လည် အကောင်အထည် ဖော်ပေးပါမယ်လို့ ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲကိုတော့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲပေးခွင့်ရှိသူ အရေအတွက်ဟာ သန်း ၅၀ ကျော်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၆ နှစ်ကြား လူငယ်တွေကတော့ တခါမှ မဲမပေးဖူးသေးတဲ့ မဲဆန္ဒရှင် အသစ်တွေပါ။ အဲဒီမဲဆန္ဒရှင် အသစ်တွေရဲ့မဲဟာ ဒီပွဲမှာ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။

BBC Burmese
https://www.bbc.com/burmese
လက်ရှိဝန်ကြီးချုပ်ပါတီ မဲအများဆုံးနေရာကနေ ဦးဆောင်နေ လက်ရှိဝန်ကြီးချုပ်ပါတီ မဲအများဆုံးနေရာကနေ ဦးဆောင်နေ Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.