နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန်

Photo credit to Zawnyi Nyikyi- မတ်လ ၁၂ ရက်နေ့က နမ့်လန်မြို့ နားမခေါ်ရွာအနီး ပစ်ခတ်မှုကြောင့် ကျည်စ ထိမှန်ဒဏ်ရာရသည့် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်
မတ်လ ၁၃ ရက် ၂၀၁၉

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့နယ် နားမခေါ် ကျေးရွာ အနောက်ဘက် နမ့်မော်လုံ ရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ အမျိုးသားတဦး ကျည်စ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ကျည်စ ထိမှန်သူသည် အသက် ၂၅ နှစ် အရွယ် စိုင်းကာလိန်ဆိုသူ ကုန်းဆော့အုပ်စု မန်မိုင်ရွာသား ဖြစ်ကြောင်း၊ ကျည်စသည် ၄င်း၏ ကုတ် တွင်ထိမှန် ခဲ့ကြောင်း Dear Ranger အခမဲ့လူမှု ကူညီရေးအဖွဲ့ မှ ကိုဇော်ညီညီ က ပြောသည်။

“မနေ့က ကျည်စမှန်တာပါ။ ဒါပေမယ့် ကျနော်တို့ က ဒီနေ့ မနက် ၆နာရီ မှ သွားခေါ်တယ်။ ၉ နာရီ မှ နမ့်လန် ဆေးရုံရောက်တယ်။ သူကို လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်စရာ ရှိတာ လုပ်ပြီး သီပေါ ဆေးရုံ ကို ပြန်ပို့လိုက်ပါပြီ” ဟု ဇော်ညီညီ က ဆိုသည်။

ကျည်စ ထိမှန်သည့် စိုင်းကာလိန် ၏ ဒဏ်ရာသည် မပြင်းထန်သော်လည်း ကုတ်တွင်ရှပ်မှန် ဒဏ်ရာရသဖြင့် နမ့်လန်ဆေးရုံ မှ သီပေါမြို့ ဆေးရုံသို့ ပို့ဆောင်ရခြင်းဖြစ်ကြောင်း လူမှု ကူညီရေး အသင်းမှ ဇော်ညီညီ က ဆိုသည်။

လတ်တလော သီပေါမြို့နယ် နမ့်လန် မြို့ အတွင်း ဆက်တိုက်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ကြောင်း သိရသည်။

နမ့်လန်မြို့ နယ် နားမခေါ် ကျေးရွာ တွင် ယမန်နေ့ ညနေထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် မည်သည့်အဖွဲ့များမှဖြစ်ပွားသည်ကို မသိရှိကြောင်းလည်း လူမှု ကူညီရေး အသင်းမှ ပြောကြားသည်။ သို့သော်အဆိုပါဒေသတွင် RCSS ၊ SSPP နှင့်အစိုးရတပ်များ လှုပ်ရှားသွားလာ သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

“ တယောက်နဲ့ တယောက် ခံယူချက် မတူပေမယ့် လူဆိုတဲ့ စာနာ စိတ်ရှိရင်တော့ ကောင်းတာပေါ့။ အခုဆို မိုးတွင်းရောက်တော့မယ်။ စားဝတ်နေရေးလည်း မလုပ်နိုင်။ မိသားစုလည်း ဟိုပြေး ဒီပြေး ဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် ကိုဇော်ညီညီ ကဆိုသည်။

တိုက်ပွဲကြောင့် နမ့်လန်မြို့နယ် မန်လီကျေးရွာတွင် စစ်ဘေးရှောင် ၁၄၀၀ ကျော်ထိ ရှိလာပြီး၊ ယမန်နေ့ တိုက်ပွဲကြောင့် နားမခေါ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၁၇၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။

“လက်ရှိမှာတော့ စားဝတ်နေရေး မှာ အခက်အခဲ မရှိပေမယ့် ရက်ရှည်လာရင် စားဝတ်နေရေး အတွက် ခက်ခဲလာနိုင်ပါတယ်။ မိုးတွင်းဆိုရင် ပိုပြီး အခက်အခဲ ဖြစ်လာနိုင်တယ်” လည်း ကိုဇော်ညီညီ က ဖြည့်စွက်ပြောကြားသည်။

သျှမ်းသံတော်ဆင့်၊နန်းဆိုင်နွမ်
Panglong(Burmese)
https://burmese.shannews.org
နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန် နမ့်လန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ကျည်စ ထိမှန် Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.