တနင်္သာရီ ဝန်ကြီးချုပ် အမှုတစ်ခုတည်းတင် ထောင် ၁၅ နှစ်အထိ ကျနိုင်တယ်လို့ ဥပဒေပညာရှင်ပြော

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်ကနေ ရပ်စဲလိုက်ပြီလို့ မတ်လ ၁၁ရက် နေ့စွဲနဲ့ သမ္မတဦးဝင်းမြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။
တနင်္သာရီဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အပြင် သီးခြားပြစ်မှုတွေအတွက် သီးခြားစွဲချက်တွေနဲ့ အမှု(၄)မှုခွဲ အရေးယူဆောင်ရွက်ဖို့ ထားဝယ်မြို့၊ မြို့မရဲစခန်းမှာ မတ်လ ၁၀ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း အဂတိလိုက်စားမူ တိုက်ဖျက်ရေးကော်မရှင်က မတ်လ ၁၀ ရက်နေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၁၁ ရက်မှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ ဝန်ကြီးချုပ်ကို တာဝန်က ရပ်စဲလိုက်ပါတယ်။

ဒီအမှုရဲ့ ဥပဒေကြောင်းတွေကို တရားလွှက်တော်ရှေ့နေ ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်ကူပြုသူများအဖွဲ့ ဥက္ကဌ ဦးကြီးမြင့်ကို ဘီဘီစီက မေးကြည့်ပါတယ်။

ဘီဘီစီ။ ။တရားစွဲတဲ့ ပုဒ်မတွေက ဘယ်လောက် ကြီးလေးတဲ့ ပုဒ်မလို့ ပြောနိုင်လဲ။

ဦးကြီးမြင့်။ ။တရားစွဲတာက အဂတိလိုက်စားမူ တိုက်ဖျက်ရေး ဥပဒေနဲ့စွဲထားတာပါ။ သူတို့စွဲထားတဲ့ပုဒ်မ ကျွန်တော် ကောင်းကောင်းသိတယ်။ ဝန်ကြီးချုပ်ဆိုရင် လက်ရှိ နိုင်ငံရေးရာထူးယူထားတဲ့အတွက် အမြင့်ဆုံး ထောင် ၁၅ နှစ်အထိ ကျနိုင်တယ်။ ကျန်တဲ့သူတွေကတော့ နိုင်ငံရေး ရာထူးယူမထားတဲ့သူတွေဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျနိုင်ပါတယ်။ နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်း ရှိသေးတယ်။ ၄ မှုလောက် ရှိသေးတယ်လို့ သိရပါတယ်။ တရားဝင်တော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ဘီဘီစီ။ ။အခုကော်မရှင်ရဲ့လုပ်ဆောင်ချက်ကိုရော ဘယ်လိုမြင်သလဲ။

ဦးကြီးမြင့်။ ။ကျွန်တော်ကတော့ 'ကော်မရှင် သမိုင်းတာဝန်ကျေခဲ့ပြီ။ ပြည်သူကို မျက်နှာမူ၍ ကျေးဇူးတင်သည်' လို့ ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ကျေနပ်တယ်။ သမိုင်းဝင်လောက်တဲ့ တာဝန်ကျေပွန်မူရှိခဲ့တယ်လို့ ပြောချင်ပါတယ်။ အခုဒီကိစ္စကလည်း နိုင်ငံတော်သမ္မတတို့ လွှတ်တော်ဥက္ကဋ္ဌတို့ကခွင့်ပြုတာ ဖြစ်လို့ အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဘီဘီစီ။ ။အခုလိုမျိုး ကော်မရှင်ရဲ့လုပ်ဆောင်မူဟာ နိုင်ငံရေးအရ ဘယ်လောက်အရေးပါသလဲ။

ဦးကြီးမြင့်။ ။တကယ်လို့သာ အဲဒီလို ထိထိရောက်ရောက် အမှန်အတိုင်းသာ အရေးမယူခဲ့ရင် တနင်္သာရီတိုင်းမှာ အန်အယ်လ်ဒီ မြောင်းထဲရောက်ပြီပေါ့ဗျာ။ အခုအခါမှာတော့ အန်အယ်ဒီဟာ သူတို့ဘာပဲဖြစ်ဖြစ် အမှန်ကို လိုလားတယ်၊ အရေးယူသင့်တဲ့ သူကိုအရေးယူတယ်ဆိုတဲ့ သိက္ခာကတော့ ပြန်တက်သွားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၃၀ လောက် စစ်အာဏာရှင် လက်ထက်မှာ လာဘ်စားပြီး ချမ်းသာချင်တိုင်းချမ်းသာပြီး ဘာမှအရေးမယူခဲ့တာကို အန်အယ်လ်ဒီ အစိုးရက သက်တမ်း ၃ နှစ်အတွင်း အရေးယူလိုက်နိုင်တာကို အမှတ်မပေးဘဲကို မနေလို့မရပါဘူး။
''ထိထိရောက်ရောက် အမှန်အတိုင်းသာ အရေးမယူခဲ့ရင် တနင်္သာရီတိုင်းမှာ အန်အယ်လ်ဒီ မြောင်းထဲရောက်ပြီပေါ့ဗျာ။'' - ဦးကြီးမြင့်

ဓာတ်ပုံ မူပိုင် U Kyee Myint
Image caption ''ထိထိရောက်ရောက် အမှန်အတိုင်းသာ အရေးမယူခဲ့ရင် တနင်္သာရီတိုင်းမှာ အန်အယ်လ်ဒီ မြောင်းထဲရောက်ပြီပေါ့ဗျာ။'' - ဦးကြီးမြင့်

    အဲဒီလိုထိထိရောက် အမှန် အတိုင်းသာ အရေးမယူခဲ့ရင် အန်အယ်ဒီဟာ တနင်္သာရီ တိုင်း မှာမြောင်းထဲရောက်ပြီပေါ့ဗျာ
    ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်ကူပြုသူများအဖွဲ့ ဥက္ကဌ ဦးကြီးမြင့်

ဘီဘီစီ။ ။အခုလိုကော်မရှင်က အရေးယူနိုင်ပေမဲ့ တချို့နာမည်ထွက်တဲ့ ကိစ္စတွေမှာရော ဘယ်လို လုပ်သင့်တယ်လို့ မြင်ပါလဲ။

ဦးကြီးမြင့်။ ။ ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအတိုင်း ရန်ကုန်တိုင်းကိုလည်း အဂတိကော်မရှင် ဝင်သင့်ပါတယ်။ တစ်ခုရှိတာက နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတ နဲ့ လွှက်တော်နှစ်ရပ်က သဘောတူညီ ချက်မရ ရင် ကော်မရှင်က ဝင်လို့ မရတာတော့ရှိတယ်။ ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားတယ်။

ဘီဘီစီ။ ။တနင်္သာရီဝန်ကြီးချုပ်အမှုက အမှုသွားအမှုလာအရ ဘယ်လောက်ကြာနိုင်ပါသလဲ။ ဘယ်တော့လောက်မှ ပြီးနိုင်သလဲ။

ဦးကြီးမြင့်။ ။ကျွန်တော်တို့ တနင်္သာရီဝန်ကြီးချုပ်ကို ကော့သောင်းလေဆိပ်ကနေ ခေါ်သွားတယ်လို့ သိရပါတယ်။ သူ့ကိုတနင်္သာရီတိုင်းမှာတော့ ရုံးတင် လို့မရဘူး။ တခြားတိုင်းဒေသကြီးမှာ ရုံးတင်ရမယ်။ အဲဒီလုပ်ငန်းစဉ်တွေ့တော့ ရှိတယ်။ အဂတိလိုက်စားရေးက အရေးယူထားတဲ့ အက်ဖ်ဒီအေ ညွန်ချုပ်အမှုတောင် တစ်နှစ်လောက်ကြာနေပြီဆိုတော့ ကြာလိမ့်မယ်။ ရွေးကောက်ပွဲနားထိ ရောက်သွားလိမ့်မယ် လို့ထင်တယ်။ မြန်ရင်တော့ ကောင်းတာပေါ့။ မြန်ရင်တော့ အန်အယ်လ်ဒီ သိက္ခာ ပိုရှိတာပေါ့။

    ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတို့ အာဏာ ဘယ်မှာ

    အဂတိ မှု နဲ့ တနင်္သာရီ ဝန်ကြီးချုပ်ကို ဖမ်းဆီး

ဘီဘီစီ။ ။ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်နိုင်သလား။

ဦးကြီးမြင့်။ ။အဲဒါကတော့ ဖြစ်သင့်တာပေါ့ဗျာ။ သို့သော်လည်း တရားရုံးတွေကလည်း သိတဲ့အတိုင်းပဲ။ တရားသူကြီးချုပ်ဆိုတာက ဦးသန်းရွှေ လျာထားပြီး ဦးသိန်းစိန် ခန့်သွားတာ။ လက်ရှိအစိုးရက ဘာမှ ထိခွင့်မရှိဘူး။ နောက်တစ်ခုက တရားစီရင်ရေးကို အုပ်ချုပ်ရေးက ဟိုတုန်းကလို ဝင်ပြီး မစွက်ဖက်တော့ဘူး။ အဲဒီတော့ သူတို့တိုင်းပြည်အပေါ် ဘယ်လောက် စေတနာထားသလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပဲ။

BBC Burmese
https://www.bbc.com/burmese
တနင်္သာရီ ဝန်ကြီးချုပ် အမှုတစ်ခုတည်းတင် ထောင် ၁၅ နှစ်အထိ ကျနိုင်တယ်လို့ ဥပဒေပညာရှင်ပြော တနင်္သာရီ ဝန်ကြီးချုပ် အမှုတစ်ခုတည်းတင် ထောင် ၁၅ နှစ်အထိ ကျနိုင်တယ်လို့ ဥပဒေပညာရှင်ပြော Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.