မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးထိမှန်ပြီး ဆေးရုံတင်ထားရ

(ဓာတ်ပုံ- ဒဏ်ရာ ရရှိခဲ့သူ ကိုမောင်စိုးဝင်း)
နိရဉ္စရာ၊ မတ် ၁၄

ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြောက်ဦးမြို့နယ်၊ ဝေသာလီ အနီး စစ်တွေ- ရန်ကုန်ကားလမ်းပေါ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားပြီး အရပ်သား ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူ ၂ ဦးမှာ မြောက်ဦးမြို့နယ် ဗူးရွက်မညိုးကျေးရွာမှ ကိုမောင်စိုးဝင်း (၂၅) နှစ် (ဘ) ဦးဘစောနှင့် မောင်သိန်းဝင်း (ဘ) ဦးကျော်ဇော်လှ၊ အောင်တပ်ရပ်ကွက်၊ မြောက်ဦးမြို့တို့ ဖြစ်ကြသည်။

မောင်စိုးဝင်း၏ ယောက္ခမ ဖြစ်သူ ဦးသာအေး (၆၃) နှစ်က “ အခု တိမ်ညိုဆေးရုံမှာပါ။ အရေးပေါ်အခန်းမှာ သွေးသွင်းထားရပါတယ်။ ဒဏ်ရာက ပြင်းပါတယ်။ ခါးဆစ်ကို ကျည်ဆံထိဝင်သွားပါတယ်။ သူက ရွာဦးမှာဆိုင်ကယ် စက်ဘီးပြင်ဆိုင်မှာ ရှိနေစဉ် ကျည်ဆံထိမှန်ခဲ့တာပါ” ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသောနေရာသည် ဘုရားကြီး ပတ်ဝန်းကျင် ဥာဏ်တော်ကန် အနီးတွင် ဖြစ်ပြီး ဝေသာလီကြားနဲ့ ချောင်းနားဘုရားကြီး ကြားလောက် နေရာမှာဟု ခန့်မှန်းရကြောင်း၊ စစ်တပ် ကားတန်းတိုက်ခိုက်ခံရသည်ဟု ကြားရကြောင်း ၎င်းက ပြောကြားသည်။

မောင်သိန်းဝင်းမှာ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ကျည်ဆံစများ ခြေထောက်နှင့် လက်တွင် အနည်းငယ် ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။

နောက်ဆုံး ရရှိသောသတင်းအရ ဒဏ်ရာပြင်းထန်သဖြင့် ကိုမောင်စိုးဝင်းကို စစ်တွေဆေးရုံသို့ ယူဆောင်လာသည်ဟု သတင်းရရှိသည်။

Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးထိမှန်ပြီး ဆေးရုံတင်ထားရ မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းပေါ်တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးထိမှန်ပြီး ဆေးရုံတင်ထားရ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.